ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပမယ့် ကမ်းနားလမ်းမကြီးမှာ သံဆူး ကြိုး၊ ဘယ်ရီဂိတ်တွေ၊ သဲအိတ်ဘန်ကာတွေနဲ့ CCTV တွေ အပြည့်တပ်ဆင်ထားပြီးလုံခြုံရေး တင်းကျပ်ထားတယ်လို့သိရပါတယ်။
ပုသိမ်မြို့ခံတွေ အများဆုံးအသုံးပြုနေရတဲ့ ကမ်းလမ်းကိုလည်း ဧပြီလ ၈ ရက်နေ့က စတင်ပြီး သွားလာခွင့်ပိတ်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” မြို့တော်ခန်းမရှေ့ကနေ ကျောက်ငူထီးအထိ ဖြတ်သန်းလို့မရတော့ဘူး၊ မဏ္ဏပ်တွေမှာစစ်သားတွေရဲတွေချထားတယ်၊ တံတားသစ်နားမှာသဲအိတ်ဘန်ကာတွေဆောက်ထားတယ် CCTVတွေအကုန်တပ်ထားပြီး အရပ်၀တ်တွေလဲစောင့်ကြည့်နေတယ် ခုဟာက သင်္ကြန်နဲ့မတူဘူးတိုက်ပွဲ၀င်ဖို့ပြင်နေသလိုပဲ”လို့ ပုသိမ်မြို့ခံအမျိုသားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ပုသိမ်မြို့မှာ ကမ်းနားလမ်းမကြီးကို ဧပြီလ ၈ ရက်နေ့က စတင်ပိတ်ဆို့ထားတဲ့အတွက် ကုန်သည်လမ်းနဲ့မင်းကြီးလမ်းမှာ နေ့စဥ် ယာဥ်ကြောပိတ်ဆို့မှုတွေ နေ့စဥ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီ လက်အောက်ခံယာဥ်ထိန်းတပ်ဖွဲ့များကလမ်းပိတ်ဆို့မှုကို အခွင့်ရေးယူကာ ဆိုင်ကယ်၊ကားများကို ဖမ်းဆီးငွေညှစ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်ကောင်စီ က ဒီနှစ်သင်္ကြန်ကိုစည်ကားအောင် ကမ်းနားလမ်းမကြီးပေါ်ကိုသာ မဏ္ဏပ်အားလုံးကို ရွှေ့ပြီး တည်ဆောက်ထားတာဖြစ်ပြီးမြို့တော်ခန်းမကနေ ကျောက်ငူပုသိမ်ထီးအထိ စုစုပေါင်းမဏ္ဏပ်၉ခုရှိပြီး တိုင်းစည်ပင်ရုံးရှေ့မှာလည်း လမ်းလျှောက်သင်္ကြန်ပြုလုပ်ထားတယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“ကိုယ်တွေမြို့က ပျော်နေပေမယ့် တစ်ခြားနေရာတွေမှာ လေယာဥ်နဲ့ဗုံးကျဲခံနေရတယ်၊ရွာလုံးကျွတ်မီးရိူ့ခံရလို့ အကုန်ဒုက္ခရောက်နေရတာတွေကြားနေရတယ် ၊ သင်္ကြန်ပွဲတော်ဟာမြန်မာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုပေမယ့်အဲ့လို နေရာတစ်ခုကပျော်ပြီး တစ်ခုကဒုက္ခဖြစ်နေတာကိုတွေးမိတော့ ကိုယ်ခြင်းစာတဲ့အနေနဲ့မပါ၀င်ဖို့ဆုံးဖြတ်ထားတယ်”လို့ ပုသိမ်မြို့ခံ လူငယ်တစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
စစ်ကောင်စီက တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ သင်္ကြန်ကို စည်ကားအောင်ကျင်းပရမယ်ဆိုတဲ့ ညွှန်ကြား ချက်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သင်္ကြန်လည်ဖို့လူ၂၀ဦးရှာဖွေပေးရမယ်လို့ညွန်ကြားချက်ပေးတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဧရာ၀တီတိုင်မ်းသတင်းဌာနအနေနဲ့အတည်ပြုလို့မရနိုင်ပါ၊
ဧရာ၀တီတိုင်းက တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့နှင့် ပတ်သက်သောနေရာများသို့ အသွားအလာ ဆင်ခြင်ပေးကြ ပါရန်နှင့် စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်ပွဲတွင် မပါဝင်မပူးပေါင်းရန် သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။
ပုသိမ်မြို့ဟာ တိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တာကြောင့် ဌာနဆိုင်ရာအားလုံး သင်္ကြန်မဏ္ဍပ်တစ်ခုစီမဖြစ်မနေ ဆောက်ခိုင်းထားပြီး ရပ်ကွက်တိုင်းကိုတော့ ယိမ်းအဖွဲ့တစ်ခုစီ မဖြစ်မနေထွက်ခိုင်းထားပြီး စစ်တပ်၊ရဲ၊ အရန်မီးသတ်၊ ပြည့်သူ့စစ်များနဲ့ လုံခြုံရေးအပြည့်ယူကာကျင်းပမှာလို့လို့ စစ်ကောင်စီ တပ်နဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။
#ပုသိမ်မြို့ #သင်္ကြန်မဏ္ဍပ် #လုံခြုံရေးတိုးမြှင့် #Ayeyarwaddy_Times