နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားက စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များ ရောက်ရှိနေသည့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀) ကာကွယ်ရေး ပစ္စည်းစက်ရုံ (က.ပ.စ-၁၀(မင်းလှ))ကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ည ၈ နာရီခန့်က ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်ရုံထဲတွင် အရက်စုသောက်နေသည့် ပညာရှင်များ အပါအဝင် ၁၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ များပြားကြောင်း PRA-မကွေးတပ်ဖွဲ့ထံမှ သိရသည်။
“လက်နက်ထုတ်လုပ်ရေး ပညာရှင်တွေလို့ပဲ သိရပါတယ်။ ဘယ်နိုင်ငံသားလည်းဆိုတာ အတည်မပြုနိုင်သေးပါဘူး။ အရာရှိနဲ့ လက်နက်ထုတ်လုပ်ရေး ပညာရှင်တွေပါတယ် ဆိုတာလောက်ပဲ သိရပါသေးတယ်ဗျ” ဟု PRA-မကွေးမှ စစ်ဦးစီးချုပ် ဟာကြူလီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းစက်ရုံအတွင်းရှိ တာဝေးပစ် ၁၂၂ ဒုံးများနှင့် ယမ်းများသိုလှောင်သည့် အဆောက်အဦးများ မီးလောင်ဆင့်ကဲပေါက်ကွဲခဲ့ပြီး စစ်ကောင်စီက ကုန်းကြီးကျေးရွာသား အပြစ်မဲ့ပြည်သူ NLD ပါတီဝင် ငါး ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးသွားတဲ့ နောက်ပိုင်းအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ မြေပြင်ကရတဲ့ သတင်းတွေအရတော့ NLD ပါတီဝင်တွေလို့ပဲ သိရပါတယ်ဗျ။ လက်ရှိမြေပြင် အခြေအနေကတော့ စစ်ကြောင်းထိုးမယ်ဆိုတဲ့ အသံ ကြားရပြီး ထပ်မံဖမ်းဆီးခံရ တာတော့ မကြာမိသေးပါဘူးဗျ” ဟု စစ်ဦးစီးချုပ် ဟာကြူလီက ဆိုသည်။
အဆိုပါ က.ပ.စ-၁၀(မင်းလှ)ကို ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်း စစ်ဆင်ရေး အဖြစ် မဟာမိတ်တော်လှန်ရေး ညီနောင်များဖြစ်သော People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)၊ အရှိုချင်း ကာကွယ်ရေးတပ် (ACDF)နှင့် Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
က.ပ.စ-၁၀(မင်းလှ)သည် ကရင်နီ၊ ကရင်နှင့် မကွေးတိုင်းတို့တွင် အာဏာသိမ်း စစ်ကောင်စီမှ အသုံးပြုနေသော တာဝေးပစ် ၁၂၂ ဒုံးများအပြင် တင့်ကားသုံး အမြှောက်ဗုံးသီးများနှင့် လေယာဉ်ပစ်ဒုံးများကို အဓိကထုတ်လုပ် နေပြီး ပိုမိုထိရောက်မည့် တာဝေးပစ်ဒုံးများ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာရှင် သုံးဦး ဦးဆောင်သော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ စစ်လက်နက် ထုတ်လုပ်ရေး ပညာရှင် ၂၀ ဦးခန့်အဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားကြောင်း သိရသည်။
#မကွေးတိုင်း #သရက်ခရိုင် #ကပစ၁၀မင်းလှ #ရှော့တိုက်ဒုံး #ဗျူဟာမြောက်ပစ်မှတ်များချေမှုန်းခြင်းစစ်ဆင်ရေး #Ayeyarwaddy_Times