နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ် စောအယ်ခူသည် ယနေ့ ဧပြီလ ၁၁ ရက်၊ နံနက် ၉ နာရီကျော်ခန့်က မြဝတီမြို့နယ်၊ ထလော့ကျေးရွာရှိ သူ၏ နေအိမ်တွင် လက်ပစ်ဗုံး ပေါက်ကွဲ၍ အဆုံးစီရင်သွားကြောင်း KNU/KNLA-PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။
“ကျွန်တော်တို့ကို အဲဒီမှာရှိနေတဲ့ မျက်မြင်ကိုယ်တွေ့ တပ်မှူးတွေရဲ့ လှမ်းသတင်းပေးပို့ တာအရကတော့ လက်ပစ်ဗုံး ဖောက်ခွဲပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ကျွန်တော်တို့သိရပါတယ်။ ကျွန်တော်နားလည် သလောက်ဆိုရင် အကုန်လုံးပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲ အကျပ်အတည်းကာလမှာ သူရဲ့စိတ်ဖိစီးမှု အရ သော်လည်းကောင်း၊ နောက်သူကိုယ်တိုင်ကလည်း နေမကောင်းဖြစ်တာလည်း ကြာပြီပေါ့။ အသက်လည်းကြီး လာပြီဆိုတော့ ရောဂါတွေ ခံစားနေရတဲ့ အချိန်ရှိတယ်။ အဲဒီကနေ ဆက်စပ်ပတ်သက်လာပြီးတော့ နှစ်ခုစလုံးပေါ့လေ။ အဲလိုမျိုး ဖိစီးမှု ဒဏ်တွေကြောင့်လို့ အကြမ်းဖျင်းတော့ သုံးသပ်ရတယ်” ဟု ၎င်းက ပြော သည်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) သည် ဗိုလ်ချုပ် စောအယ်ခူ၏ KNU/KNLA-PC ထံမှ လက်နက် ၃၀၀ သိမ်းယူသွားခြင်း၊ ၎င်း၏ရဲဘော်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို အဆုံးစီရင်သွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ် အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အဲဒါတွေ ကျွန်တော်တို့တောင်မှ သေချာမသိသေးပါဘူး။ အဲဒီသေချာမသိသေးတဲ့ ကိစ္စတစ်ခုကို တစ်စုံတစ်ရာ ပြောဖို့ဆိုဖို့ကတော့ ကျွန်တော်တို့လည်း လောလောဆယ်မှာ အဆင်မပြေသေး ဘူး။ နည်းနည်းစောသေးတယ်” ဟု ဗိုလ်မှူး ကြီး စောကျော်ညွန့်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်ချုပ် စောအယ်ခူသည် သေဆုံးချိန်တွင် အသက် ၆၀ နှစ်ကျော်ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၇ ရက်ကလည်း ၎င်းလက်မှတ်ဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးကို ထုတ်ပယ်လိုက်သည့် ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် KNU/KNLA-PC မှ စစ်ဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့သည် ဗဟိုကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအပေါ် လေးစားလိုက်နာခြင်းမရှိဘဲ ချိုးဖောက်ကျူးလွန် ခြင်းကြောင့် တပ်နှင့်အဖွဲ့အစည်းဝင် အဖြစ်မှ ထုတ်ပယ်လိုက် ကြောင်း ဖော်ပြထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့ဖြစ်သလို စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဖြစ်သည်။
#ကရင်ပြည်နယ် #KNU/KNLA-PC #ဗိုလ်ချုပ်စောအယ်ခူ #အဆုံးစီရင် #Ayeyarwaddy_Times