ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ် ချုပ်ရေး(ပအဖ)ရုံးဖွင့်ပွဲပြုလုပ်နေစဉ် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာဖြင့် စတင်ပစ်ခတ်ခဲ့ပြီး မုံရွာနမခမှ Mi 35 များနှင့်ပါ ရွာပတ်လည်ကို ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေ ဆုံးမှု များပြားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
“ဒေသခံတွေ အစုအလိုက်အပြုံလိုက်သေတာပါ။ လူတွေ ရာကျော်တယ် ထိကုန်တာ။ သေတာကတော့ ဆယ်ဂဏန်းရှိတယ်။ လောဆယ်သိထားရသလောက် ၆၀ ကျော်ပြီ”ဟု ကန့်ဘလူမြို့နယ်မှ တော်လှန်ရေးရဲ ဘော်တစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ်မှ အဆိုပါကျေးရွာပေါ်သို့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအ၀င် ပြည်သူ ၆၀ ကျော် သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်မှလည်း ၀င်ရောက်ပစ်ခတ်တိုက်ခဲ့ ခြင်းကြောင့် အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးထံက သိရသည်။
“မြေပြင်ကနေလည်း စစ်ကြောင်းထိုးပြီးရောက်လာတော့ ဒဏ်ရာရနေတဲ့သူတွေကိုတောင် ဆွဲမထုတ်နိုင်ခဲ့ပါဘူး”ဟု တော်လှန်ရေး ရဲဘော်က ဆိုသည်။
ယင်းသေဆုံးမှုထဲတွင် တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူများ ၊ ကလေးငယ်များ အပါအ၀င် ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ပဇီကြီးရွာ #စစ်ကောင်စီတပ် #လေကြောင်း #ပစ်ခတ်တိုက်ခိုက် #ကလေးများနှင့်ဒေသခံပြည်သူ #အစုလိုက်အပြုံလိုက်သေဆုံး #Ayeyarwaddy_Times