နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများနှင့် အတူတကွ ခိုင်မာစွာလက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဟု FPNCC အဖွဲ့ဝင်များဖြစ်ကြသည့် ညီနောင် မဟာမိတ် သုံး ဖွဲ့က ဆိုထားပြီး နိုင်ငံကြီးများ၏ မူဝါဒနှင့်ပေါ်လစီ များကြောင့် နွေဦးတော်လှန်ရေးအတွက် အနှောက်အယှက် မဖြစ်စေလိုဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဧရာ၀တီတိုင်းမ်ကို ဖြေကြားသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အခမ်းအနားသို့ ညီနောင်မဟာမိတ်များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့က သဝဏ် လွှာပေးပို့ရာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ ညီနောင်မဟာမိတ် သုံးဖွဲ့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်ကာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော် မတီ (FPNCC) အဖွဲ့ဝင်များဖြစ်ကြပြီး တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေကာ အပေးအယူ ဆက်ဆံမှုများရှိသည့် အဖွဲ့အစည်း များဖြစ်သည်။
“နိုင်ငံကြီးတွေက သူတို့ရဲ့ မူဝါဒတွေနဲ့ ပေါ်လစီတွေကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ပြည်တွင်းလှုပ်ရှားမှုတွေထဲကို မတူတဲ့သဏ္ဉာန်နဲ့ ဝင်ရောက်လုပ်ကိုင် နေကြတယ်။ အမေရိကန်ကလည်း အသွင်တစ်မျိုး၊ တရုတ်ကလည်း အသွင်တစ်မျိုးပေါ့။ ဒါပေမယ့် အဲဒါတွေ အကြောင်းပြုပြီးတော့ မြန်မာပြည်တွင်းမှာ ဝင်ရောက်လာတဲ့ လှုပ်ရှားမှုတွေဟာ အခုပြည်သူလူထုနဲ့ စစ်ကောင်စီကြားမှာဖြစ်နေတဲ့ နွေဦးတော်လှန်ရေးရဲ့ အနှောင့်အယှက် အတားအဆီးတွေအဖြစ် ကျွန်တော်တို့ကတော့ မဖြစ်စေချင်ပါဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
FPNCC သည် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့တွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်တာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းမတိုင်ခင် တရုတ် အစိုးရ၏ အာရှရေးရာ ဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျန်နှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင် ဆောင်ရွက်မှု အပေါ်ကြိုဆို ထောက်ခံကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် နည်းလမ်း မျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“မြောက်ပိုင်းညီနောင်တွေဟာ တရုတ်နဲ့ ဆက်ဆံရေးကို ထိန်းထိန်းသိမ်းသိမ်း ချိန်ညှိနေပြီး ပြည်တွင်း ပူးပေါင်းရေးကို AA နဲ့ အတူ ရပ်တည်ဖို့ စဉ်းစားထားတယ်လို့ မြင်မိပါတယ်။ မြောက်ပိုင်း ညီနောင်တွေကြား ဆွေးနွေးမှုနဲ့ နားလည်မှုတွေ ထိန်းသိမ်းနေ ကြတယ်လို့လည်း မြင်မိပါတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းယူပြီးနောက် ပြည်မနှင့်တောင်တန်း မခွဲခြားတော့ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာများအား မီးလောင်တိုက်သွင်း၍ ဖျက်ဆီး သတ်ဖြတ်ခြင်း၊ အကျဉ်းချထားခြင်းတိုကို လုပ်ဆောင်ခဲ့ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူမှု ဘ၀အားလုံး ဖျက်ဆီးခံထားရသည်။ မသေချာ မရေရာမှုများ ပြည့်နှက်နေသော အခြေအနေတွင် ညီနောင်မဟာမိတ် သုံး ဖွဲ့တို့သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေးအတွက် စစ်ကောင်စီအား တော်လှန် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့် အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများ ဝင်သွားမည် ဖြစ်ကြောင်း AA တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဆိုထားသည်။
“ပြည်သူလူထုအင်အားစု အဖွဲ့အစည်းတွေအနေနဲ့ ဒီအခြေအနေပေါ်မှာ နိုင်ငံကြီးတွေရဲ့ မူဝါဒတွေနောက် မလိုက်ပါနဲ့။ ပြည်တွင်း မှာ ဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူလူထုကြား ပဋိပက္ခမှာ ကြားနေတာမျိုးတွေ မလုပ်ဘဲနဲ့ အချင်းချင်းပူးပေါင်း ဆောင်ရွက်ပြီးတော့ စစ်ကောင်စီပြုတ်ကျအောင်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်အောင်၊ ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ထူထောင်နိုင်အောင် ကြိုးပမ်းလှုပ်ရှားမှုမှာ အားလုံး တစ်ညီ တစ်ညွတ်တည်း ပါဝင်လှုပ်ရှားသင့်ပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ ပါဝင်ပြီး ယင်းအဖွဲ့များသည် NCA လက် မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဖြစ်သည်။
#စစ်ကောင်စီ #ညီနောင်မဟာမိတ်၃ဖွဲ့ #တိုက်ပွဲဝင် #FPNCC #Ayeyarwaddy_Times