ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီတောင် အနောက်ဘက် စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ၇၀၀ ကျော် လက်ရှိတွင် နွေရာသီ သောက်သုံးရေ ရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင် စခန်းတွင် အိမ်ထောင်စု ၁၆၆ စု၊ လူဦးရေ ၇၁၈ ဦးရှိပြီး စခန်းအနီးရှိ သောက်ရေကန် ခမ်းခြောက် သွားသဖြင့် ရသေ့တောင်မြို့ထဲသို့ နာရီဝက်ခန့် ခြေလျင်သွားကာ သောက်သုံးရေ ခပ်ယူနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင် အမျိုးသမီး တဦးက“ကျမတို့သုံးနေတဲ့ ကန်ခမ်းသွားတော့ မြို့ထဲက ရွှေပါရမီ ကျောင်းနားအထိ သွားခပ်ရတယ်။ အဲဒီကျောင်းမှာလည်း ရေချွေတာနေရတဲ့ အတွက် ရေခပ်ချိန်ကို မနက် ၆ နာရီကနေ ၁၀ နာရီထိ တချိန်၊ ညနေ ၃ နာရီကနေ ၅ နာရီထိ တချိန်ပဲ ပေးထားတယ်။ သူတို့ခွင့်ပြုတဲ့ အချိန်တွေမှာပဲ ကျမတို့ သွားခပ်ရတယ်။ ရေတခွက် သောက်ရဖို့ အရေး နေပူကြီးထဲကနေ နာရီဝက်လောက် လမ်းလျှောက်သွားရတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ပြီးခဲ့သည့်နှစ်များက သောက်ရေ ရှားပါးမှုကြောင့် စစ်ဘေးရှောင်များ အတွက် နိုင်ငံတကာ ကြက်ခြေနီ အသင်း (ICRC) က ရေ လာရောက် ထောက်ပံ့ပေးခဲ့သော်လည်း ယခုနှစ်တွင် မည်သည့် အကူအညီ အထောက်အပံ့မှ မရရှိတော့ကြောင်း စခန်း တာဝန်ရှိသူများကလည်း ပြောသည်။
စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ တဦးကလည်း“မနှစ်ကတော့ ICRC အဖွဲ့ကနေ ကျနော်တို့စခန်းကို တနေ့ကို သောက်ရေ ဘူးကြီး တဘူးကျစီ လာရောက် ထောက်ပံ့ပေးခဲ့တဲ့ အတွက် အခက်အခဲ ဒီလောက်မဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ဘာအထောက်အပံ့မှ မရတဲ့အတွက် သောက်ရေကတော့ ရတဲ့နေရာတွေက သွားခပ်ပြီး သောက်နေရတယ်။ အဲဒီမြို့ထဲက ကန်တွေလည်း ခမ်းသွားရင် ကျနော်တို့အတွက် ပိုအခက်အခဲဖြစ်ပြီ။ တခြားသွားခပ်ရမယ့် နေရာမရှိဘူး”ဟု ပြောသည်။
စေတီတောင် အနောက်ဘက် စစ်ဘေးရှောင် စခန်းတွင် ထီးစွဲ၊ ကျောက်တန်းနှင့် အမြင့်တောင် စသော ကျေးရွာများမှ စစ်ဘေးရှောင်များ အဓိက နေထိုင်ကြပြီး ၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၉ တိုက်ပွဲ ကာလကတည်းက ကျေးရွာအနီး စစ်ကောင်စီ တပ်နှင့် ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ထွက်ပြေး တိမ်းရှောင် လာကြရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
နွေရာသီ ရောက်လာသည်နှင့် တပြိုင်နက် ရေကန်များ ခမ်းခြောက်လာနေသည့် အတွက် မြောက်ဦး နှင့် ကျောက်တော် မြို့နယ်မှ စစ်ဘေးရှောင် စခန်း တချို့မှာလည်း ပြီးခဲ့သည့် မတ်လအတွင်းကပင် သောက်သုံးရေ ရှားပါးမှုဒဏ် ခံနေကြရကြောင်း သိရသည်။
#ရသေ့တောင်မြို့နယ် #စစ်ဘေးရှောင်၇၀၀ကျော်
#သောက်သုံးရေအခက်အခဲကြုံတွေ့နေ
#Ayeyarwaddy_Times