ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၁၀ ရက်

စစ်ကောင်စီသည် ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဝေဘူလမြို့ပေါ်သို့ လေကြောင်းမှ နေ၍ ဗုံး နှစ်လုံး ကြဲချခဲ့သောကြောင့် ဒေသခံ ပြည်သူ ကိုး ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ သေဆုံး ဒဏ်ရာရသည့် အပြင် စာသင်ကျောင်းနှင့် နေအိမ် ငါး လုံး လည်း မီးလောက်ပျက်စီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဗာရ်းကျေးရွာအနီးမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတော့ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်ကို လာကြဲတာပါ။ လက်ရှိကျွန်မသိရသလောက် ဒေသခံ ပြည်သူ ၉ ဦးသေဆုံးသွားတယ်။ ဒဏ်ရာရရှိသူတွေကတော့ အများကြီးပဲ။ တစ်ချို့ဆို ဒဏ်ရာ ပြင်းထန်တယ်။ စစ်တပ်ရဲ့ လူသားမဆန်တဲ့လုပ်ရပ်လို့ပဲ ဆိုချင်ပါတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ယနေ့၊ နံနက်ပိုင်းက ဖလမ်းမြို့နယ်၊ ဗာရ်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးပြီး ၁၁ ဦးကို အရှင်ဖမ်းဆီးခဲ့ကြောင်း CDF က ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းမှ MA1 – သုံး လက်၊ MA2- တစ် လက်၊ MA3- နှစ် လက်၊ MA 4- တစ် လက်၊ G3- ၁၂လက်၊ ကျည်ဘောက်-၂၀ ခု၊ ၆၀ မမ စိန်ပြောင်း – နှစ် ခု၊ ၆၀ မမ ကျည်-၅၈ခု၊ အီနာဂါ – ရှစ် ခု၊ G3 ကျည်ဘောက် – ၃၇ ခု၊ တိုက်မိုင်း -၁၀ခု၊ ၄၀ မမ ကျည် -၃၃ခု၊ လက်ပစ်ဗုံး – တစ်လုံး၊ ရှေ့ထွက်မိုင်း – ၅၀၊ နင်းမိုင်း – ၅၀၀၊ MA ကျည် – ၁၀၀၀ကျော် နှင့် G3 ကျည် – ၂၅၀၀ကျော် သိမ်းဆည်းရမိပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဗာရ်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် CNDF ရဲဘော် ၁ ဦးနှင့် ဗာရ်ကျေးရွာဒေသခံတစ်ဦးသေဆုံးခဲ့ရပြီး တပ်စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းဖြင့် သုံး ကြိမ်လာရောက်ဗုံးကြဲခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ဗာရ်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ခံရ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးအပြန်တွင် ဝေဘူလမြို့ပေါ် သို့ ဗုံး နှစ်လုံး ထပ်မံ ကြဲချခဲ့၍ ဒေသခံ အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။

#ချင်းပြည်နယ် #ဖလမ်းမြို့နယ် #ဝေဘူလမြို့ #စစ်ကောင်စီတပ် #ဗုံးကြဲ #ဒေသခံ၉ဦးသေဆုံး #CNDF #ဗာရ်းတံတား #စစ်ကောင်စီတပ်စခန်း #တိုက်ခိုက် သိမ်းပိုက် #Ayeyarwaddy_Times