နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နှင့် ရုရှား ကျောထောက်နောက်ခံရှိကြောင်း ၎င်းကို ထောက်ခံနေသူများအား မက်ဆေ့ခ်ျပေးချင်၍ တရုတ်အကူအညီဖြင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ် နေသည်ဆိုသော ကိုကိုးကျွန်းမြို့ကို သွားရောက်ခြင်းဖြစ်ကြောင်း တောင်သူလယ်သမား အကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ယမန်နေ့ ဧပြီလ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်ခဲ့ပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခု ဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
“မင်းအောင်လှိုင်က ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲဆိုရင် တွေ့လား ငါတို့က တရုတ်တို့၊ ရုရှားတို့လို ဒီလိုနိုင်ငံတွေနဲ့ မဟာမိတ်ရှိတယ်။ ငါတို့ နောက်မှာ ကျောထောက် နောက်ခံရှိတယ်။ ငါတို့က ရပ်တည်နိုင်တယ်ဆိုတဲ့အကြောင်း သူ့ကို ဆန့်ကျင်သူ တွေထက် သူ့ကိုထောက်ခံနေတဲ့သူတွေကို message ပေးချင်လို့ သက်သက်ပဲဗျ။ ကျန်တာတော့ မဟာဗျူဟာအရ ဘာမှအရေးမပါဘူး” ဟု ဦးဇော်ရန်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ကိုကိုးကျွန်းပေါ်ရှိ လေယာဉ်ပြေးလမ်းကို မီတာ ၁၃၀၀ မှ ၂၃၀၀ အထိ တိုးချဲ့ခဲ့သလို တရုတ်နိုင်ငံ၏ အကူအညီဖြင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်နေကြောင်း သတင်း မီဒီယာများတွင် ဖော်ပြ ထားသည်။
ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားကာ ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်သည်။
ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာ ကုန်သွယ် ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာရေ လက်ကြားနှင့်လည်း ဆက်စပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်တွင် ပါလီပါလဲ့ရေ လမ်းကြောင်းနှင့် တောင်ဘက်တွင် ကိုကိုးရေလမ်းကြောင်းများ တည်ရှိသည်။
၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြားကုန်သွယ် ရေယာဉ်အစီးရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားအတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။
#ကိုကိုးကျွန်း #စစ်ခေါင်းဆောင် #တရုတ်ရုရှား # #Ayeyarwaddy_Times