ဇွဲနိုင်/(ဧရာဝတီတိုင်းမ်)
(ရေဖြူ)၊ဧပြီလ ၁၀ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် ရဲစခန်း၌ ယမန်နေ့ ဧပြီလ ၉ ရက်နေ့က ရဲအချင်းချင်း အရက်မူးစကားများရန်ဖြစ်ကြပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စခန်းမှူးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၉ ရက် မွန်းလွဲ ၂ နာရီ ခန့်အချိန်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်သောက်ရာမှ အချင်းချင်း စကားများရန်ဖြစ်ကြပြီး စခန်းမှူးကို ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
“သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ ၅ ချက် ၆ ချက် လောက်ရှိမယ်။ ၆ လုံးပြူးနဲ့ ပစ်သတ်လိုက်တာပါ။စခန်းမှူးကတော့ အဲဒီနေရာမှာပဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။သတင်းကိုတော့ အပြင်ကို မပေါက်ကြားအောင်ဖုံးထား တယ်”ဟု သရက်ချောင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ပစ်သတ်ခံရတဲ့သူမှာ သရက်ချောင်းမြို့နယ်က အသက် ၄၀ ဝန်းကျင်အရွယ် စခန်းမှူး နေမင်းစိုးဖြစ်ပြီး ထားဝယ်မြို့ ရဲစခန်း တစ်ခုမှ ပြောင်းရွေ့လာခဲ့သူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လူသတ်မှုကျူးလွန်ခဲ့သည့် ဒုရဲအုပ်ကို ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာ၌ ရဲစခန်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ချုပ်နှောင်ထိန်းသိမ်းထားကြောင်း သိရသည်။
အလားတူ ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ရဲစခန်းမှာရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး
၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#သရက်ချောင်း #ရဲစခန်း #စကားများ #ရန်ဖြစ် #စခန်းမှူး #ဒုရဲအုပ်
#Ayeyarwaddy_Times