ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၁၀ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗာရ်းတံတားတွင် အခြေချထားသော စစ်ကောင်စီတပ် စခန်းကို ယနေ့ ဧပြီလ နံနက် ၅ နာရီအချိန်က ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNDF)က ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးရှိပြီး CNDFက ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ သုံး ကြိမ်လာရောက်ပစ်ခတ်၍ ဗုံး ခြောက် လုံးကြဲချခဲ့ကြောင်းCNDFတာဝန်ခံ ထံက သိရသည်။
“မနက် ၅ နာရီကျော်က သွားတိုက်တာ။ တစ်နာရီကျော်တော့ စခန်းကို သိမ်းပိုက်နိုင်တယ်။ စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိသလို အရှင်ဖမ်းမိ တာလည်းရှိတယ်။လက်နက်တွေ သိမ်းဆည်းရမိတာတွေရှိတယ်” ဟု CNDF တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်စဥ်တွင် မိုင်းပစ်ရန် ကိုင်ဆောင်ထားသည့် မိုင်း မတော်တဆပေါက်ကွဲမှုကြောင့် CNDFရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ ဧပြီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီးကို ဂျက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ဒေသခံပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၅ ဦးကျော် ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ဗာရ်းတံတား