ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်မှာရှိတဲ့ ဖျာပုံတံတားမှာ မတ်လ ၂၆ ရက်နေ့ က”သွေးစွန်းပွဲတော်သပိတ်မှောက်”စာတန်းကပ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ခံလူငယ် ၉ ဦးကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၂၉ ရက်နေ့က ဧပြီလ ၉ ရက်နေ့အထိ အသက်မပြည့်သေးတဲ့ လူငယ် ၂ ဦးအပါဝင် ဖျာပုံမြို့ခံ အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့ထိ ဖမ်းတာလူငယ်လေးတွေ ၉ ဦးရှိနေပြီ၊ ၁၈ နှစ်မပြည့်သေးတဲ့ကလေး၂ယောက်ပါတယ်။
အရင်တုန်းက ဆန္ဒပြတုန်းကပါဘူးတဲ့ကလေးတွေပါ၊အဲ့တုန်းကတစ်မြို့လုံးပါခဲ့တာပဲလေ အဲ့တုန်းကလူငယ်လေးတွေကိုရွှေးဖမ်းနေတာပဲ”လို့ ဖျာပုံမြို့ခံအမျိုးသားတစ်ဦးကဧရာ၀တီတိုင်မ်းကို​ပြောပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ် ၉ ဦးကိုဖျာပုံမြို့ရှိ ခလရ (၉၈)တပ်မှာ စစ်ကြောရေးပြုလုပ်နေပြီး ဖျာပုံမြို့၊ အမှတ်(၅)ရပ်ကွက်ကအသက် ၁၉ နှစ်အရွယ် ကိုဟန်ထူးအောင်တစ်ဦးသာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးတာခံခဲ့ရတဲ့ ကျန်တဲ့ သူတွေကိုတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ် နေပြီး အမှုဖွင့်တာမရှိသေးသလို မိသားစုနဲ့ လည်း ဆက်သွယ်ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်က ဖျာပုံ PDF(People Defense Force-Pyapon District) ဦးဆောင်ပြီး ဖျာပုံတံတားမှာစစ် အာဏာရှင်ဆန့်ကျင်ရေးစာတန်းတစ်ခု ချိတ်ဆွဲခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

စာတန်းချိတ်ဆွဲ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့များက ဖျာပုံမြို့မှာနေတဲ့ အာဏာသိမ်းစဥ်က ဆန္ဒပြပွဲများမှာပါ၀င်ခဲ့တဲ့ ကိုဟန်ထူးအောင်အပါအ၀င် လူငယ်များကို စွပ်စွဲဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံများတွေကပြောပါတယ်။

#ဖျာပုံမြို့ #ဒေသခံလူငယ်ကိုးဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times