နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဧပြီလ ၁၀ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဧပြီလ ၇ ရက်နေ့က ဘုန်းကြီးကျောင်းသား တစ်ဦးကို စစ်ကောင်စီတပ်တွေက PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

PDF လို့စွပ်စွဲဖမ်းဆီးခံရတဲ့ ဘုန်းကြီးကျောင်းသားကို အမှတ် (၂၇) တပ်ထဲမှာ ရိုက်နှက်စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး ပြောသမျှသူကို ရှာဖွေ ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အဲ့ကလေးက ညောင်တုန်းကနေလာပြီး ဘုန်းကြီး ကျောင်းမှာတည်းတာ၊ အဲ့တာကို PDF ဆိုပြီး ဖမ်းသွားတာ၊ တပ်ထဲခေါ်ပြီး ရိုက်စစ်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ကလေးက သူသိမျှနာမည်ပြောတော့တာပေါ့၊အဲ့အပြောခံရသူတွေကို ညတိုင်း လိုက်ဖမ်းနေတာ”လို့ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဘုန်းကြီးကျောင်းသားကို PDF လို့စွပ်စွဲဖမ်းဆီး သွားပြီးနောက်ပိုင်း ရွာတွေကို ညပိုင်း ဝင်စစ်ဆေးတာတွေ ပြုလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသူ ၅ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

PDF လို့စွပ်စွဲဖမ်းဆီးခံရတဲ့ ဘုန်းကြီးကျောင်းသား တစ်ဦးလည်း ပြန်မလွတ်သေးလို့ စစ်ဆေးမေးမြန်းဖို့ ဆိုကာ ဖမ်းသွားတဲ့ ၅ ဦးလည်း ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#မအူပင်မြို့နယ် #ဘုန်းကြီးကျောင်းသား #စွပ်စွဲဖမ်းဆီးခံရ #Ayeyarwaddy_Times