ဧရာဝတီတိုင်းမ်
(မြဝတီ)/ဧပြီလ၁၀ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ ရွှေကုက္ကို မြို့သစ်အနီးတဝိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံပြည်သူများအနက် အမျိုးသား လူငယ်များကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ ပြန်လည် ဖမ်းဆီးကာ စစ်တိုက်ခိုင်းနေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်၊ ပူးပေါင်း BGF များသည် မြ၀တီနှင့် ရွှေကုက္ကို မြို့သစ်အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရှောင်လူငယ်များအား ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့ကတည်းက ပြန်လည်ခေါ်ယူ၍ အဓ္ဓမစစ်တိုက်ခိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ဧပြီလ ၈ ရက်နေ့ တစ်ရက်ထဲမှာပဲ စစ်ဘေးရှောင်တွေနေတဲ့ နေရာကနေ လာခေါ်သွားတာ အယောက် ၃၀ ကျော်တယ်။ တရာခံပုံစံမျိုး သေနတ်တွေနဲ့ချိန်ထားပြီး စစ်ဘေးရှောင်တဲ့ နေရာကနေ သူတို့ဘက်ကမ်းကို ပြန်ခေါ်သွားတာ။ အခု တိုက်ပွဲ ဖြစ်ပွားတဲ့နေရာမှာ စစ်တိုက်ခိုင်းတာ” ဟု စစ်ဘေးရှောင်ရာတွင် အတူတူ ပါဝင်ခဲ့သည့် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ပြီးခဲ့သည့် ဧပြီလ ပထမပတ်မှစတင်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ BGF ပူပေါင်းတပ်များအကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဖက်စလုံးတွ် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် ရွှေကုက္ကိုမြို့သစ် အနီးအနားရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၆,၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ၄,၀၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်နေရသည်။
စစ်ကောင်စီလက်အောက်ခံ BGF တပ်များသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်ရှောင်ခြင်း မပြုနိုင်သည့် ဒေသခံ ၂,၀၀၀ ခန့်မှ လူငယ်အမျိုးသားများကို စစ်ဘေး ရှောင်နေသည့် နေရာများအထိ လိုက်လံကာ ပြန်လည်ဖမ်းဆီး၍ စစ်မြေပြင်တွင် အသုံးချ စစ်တိုက်ခိုင်းနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်နေရသူများက ဆိုသည်။
#ကရင်ပြည်နယ် # ရွှေကုက္ကိုမြို့သစ် #စစ်ဘေးရှောင်အမျိုးသားလူငယ် #BGF #ဖမ်းဆီး #စစ်တိုက်ခိုင်း #Ayeyarwaddy_Times