ဧရာဝတီတိုင်းမ်
(သထုံခရိုင်)၊ ဧပြီလ ၁၀ ရက်
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တွင် ယမန်နေ့ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) နှင့် စစ်ကောင်စီလက်အောက်ခံ BGF ဂိတ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ မဲလံBGFဂိတ်စခန်းတစ်ခုအား နံနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် အရာရှိ နှစ်ဦးဖြစ်သည့် ဗိုလ်မြဝင်းနှင့် ဗိုလ်မိုးဇက် ဆိုသူတို့သေဆုံးခဲ့ကြောင်း သထုံခရိုင် PDF ထံက သိရသည်။
“BGFရဲ့စစ်ဆေးရေးဂိတ်စခန်းကိုတိုက်ခိုက်ခဲ့တာ။ ကျိုက်ထို တပ်မ (၄၄) ဌာနချုပ် ထဲကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု သထုံခရိုင်PDFတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျိုက်ထိုအခြေစိုက်တပ်မ (၄၄) အားလက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး နှစ်လုံးမှာ ငှက်ပျောတောကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါတိုက်ခိုက်မှု နှစ် ခုကို KNU/KNLA၊ KRF၊ PDF၊ PPDF-KD၊ ဘီးလင်း(ပကဖ)၊ ကျိုက်ထို(ပကဖ) တို့မှ အသီးသီး ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၉) တပ်ရင်းကို KNU/KNLA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
#မွန်ပြည်နယ် #ကျိုက်က်ထို #ဘီးလင်း #BGFစခန်း #တပ်မ၄၄ #KNU #PDF #Ayeyarwaddy_Times