ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရေကြည်-ကျုံပျော်လမ်းဆုံဂိတ်မှာ စစ်ကောင်စီတပ်သားတွေက မူးယစ်သောက်စားထားပြီး ဖြတ်သမျှကားတွေကိုဆက်ကြေး တောင်းယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဆိုပါ ရေကြည်-ကျုံပျော် လမ်းဆုံမှာဂိတ်ချထားတဲ့ စစ်ကောင်စီတပ်တွေက လမ်း ဘယ်ညာမှာ သံဆူးကြိုးတွေကာရံထားပြီး မနက် ၄ နာရီကနေစတင်ပြီး ဂိတ်ဖြတ်သမျှကားတွေကို အဓမ္မ ဆက်ကြေးတောင်းယူနေတာလို့ ဒေသခံတွေကပြောပါတယ်။
“မနက်အစောကြီးကတည်းက သေနတ်တကားကားနဲ့ ပိုက်ဆံကတောင်းတာ။ အနားမှာလည်း အရက်ဆိုင်ရှိတယ် အရက်သောက်လိုက်ကြ ကားလာရင်လက်တာပြီး စစ်ဆေးတယ် ပြီးရင် ပိုက်ဆံတောင်းတာ။ ဒေသခံတွေပါလို့ ပြောလဲမရဘူး။ ဘာမှ စစ်မရတော့ လက်ဖက်ရည်ဖိုး ငါးထောင် ပေးရမယ်ဆိုပြီး အတင်းတောင်းထားကြတယ်။ တစ်ခြားကားတွေကတော့ နေ့တိုင်းဒီထက်ပို့ပေးကြရတယ်။ ပိုက်ဆံလည်း အဲဒီဂိတ်က အတော်လေးရကြတယ် ” လို့ ရေကြည်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ရေကြည်-ကျုံပျော် ကားလမ်းဟာ ကုန်တင်ကား၊ ခရီးသည်တင်ယာဥ်နဲ့ အိမ်စီးကား တစ်နေ့ကို ကားအစီးရေ ၁၀၀ ဝန်းကျင်ဖြတ်သန်းသွားလာနေပြီး အဲ့ဒီ စစ်ကောင်စီဂိတ်ဟာ တစ်လကို သိန်းရာကျော်အထိ ဝင်ငွေရရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့ပြင် ရေကြည်-ကျုံပျော် ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သား ၄ ဦး၊ ရဲ ၃ ဦးနဲ့ အရပ်ဝတ် ၂ ဦးဟာ ဖုန်းနဲ့ ကားပေါ်ပါပစ္စည်းတွေကို ဆက်တ်ိုက်စစ်ဆေးတာတွေပြုလုပ်နေပြီး လက်ရှိအချိန်အထိ ကားတစ်စီးကို ၅,၀၀၀ ထက်မနည်း ဆက်ကြေးကောက်ယူနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ-ရေကြည်-ကျုံပျော်လမ်းဆုံဂိတ်
#ရေကြည်ကျုံပျော်လမ်းဆုံဂိတ်မှာ #စစ်ကောင်စီတပ်တွေက #မူးယစ်သောက်စားထားပြီး #ဖြတ်သမျှကားတွေကို #ဆက်ကြေးတောင်း#Ayeyarwaddy_Times