ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု ဒုတိယမြောက်နေ့မှာ ထိုင်ဝမ်ကျွန်းကို တိုက်ခိုက် သိမ်းပိုက်တဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး နောက်တစ်ရက်မှာ တရုတ် နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

ထိုင်ဝမ်ကျွန်းအနီး တိုက်ခိုက်ရေးကင်းလှည့်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြပါတယ်။

တရုတ်တပ်ဖွဲ့တွေက ထိုင်ဝမ်ကျွန်းနဲ့ ပတ်ဝန်းကျင်ပင်လယ်ပြင်ရှိ အရေးပါတဲ့ပစ်မှတ်တွေအပေါ် တိုက် ခိုက်တဲ့လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံဌာနက ဆိုပါတယ်။

တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေထဲမှာ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကို နယ်နိမိတ်ပိုင်းခြားထားတဲ့ ဘာရှီ ရေလက်ကြားဝန်းကျင်မှာ လေယာဉ်တင်သင်္ဘောအုပ်စုတွေအပေါ် တိုက်ခိုက်မှုပုံစံတူလေ့ကျင့်မှုတွေအပြင် ရေငုပ် သင်္ဘောဖျက်လေ့ကျင့်မှုတွေလည်း ပါဝင်ခဲ့တယ်လို့ ထိုင်ဝမ် လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

တနင်္ဂနွေနေ့နေ့လည်ပိုင်းအထိ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ Su-30 ဂျက်တိုက်လေယာဉ်တွေ၊ H-6 ဗုံးကြဲ လေယာဉ်တွေအပြင် စစ်သင်္ဘောကိုးစင်းကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

“တရုတ်စစ်တပ်ရဲ့ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ထိုင်ဝမ်တပ်ဖွဲ့တွေက ပဋိပက္ခတွေကို အရှိန်မြှင့်စေမှာမဟုတ်သလို အငြင်းပွားမှုတွေ ဖြစ်စေမှာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သင့်တော်သလို လက်တုံ့ပြန်မယ်လို့ အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Wa Today
Ref; China simulates precision strikes against Taiwan on second day of drills