ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဧပြီလ ၉ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ယနေ့ဧပြီလ ၉ ရက်နေ့အထိတိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းသိရသည်။
ဧပြီလ ၈ ရက်နေ့ကလည်း မောတောင်-သဲဖြူလမ်း ဆုံတွင် စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ သဲဖြူလမ်းဆုံတွင်စခန်းချထားကြောင်း သိရသည်။
“တိုက်ပွဲက တစ်နေ့ကို ၃ ကြိမ်ထက်မနည်းဖြစ်နေတာ။ ဧပြီလ ၇ ရက်နေ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၂ ယောက်သေတယ်လို့သိရတယ်။ ကျွန်တော်တို့ဘက်ကရဲဘော်တစ်ဦး လက်နက်ကြီးကျည်စ လက်မောင်းထိပြီး ဒဏ်ရာရခဲ့တယ်။ လက်နက်ခဲယမ်းလိုအပ်ချက်တွေကိုလည်း ပြည်သူတွေဝိုင်းဝန်းကူညီပေးစေလိုပါတယ်။” ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြိတ်-တနင်္သာရီ-မောတောင် အာရှလမ်းမကြီးတစ်လျှောက် လျှောက်တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် လုံခြုံရေးအခြေအနေများကြောင့် ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုဖို့အတွက်လည်း သတိပေးထားသည်ဟုဆိုသည်။
တိုက်ပွဲများအပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည့် အတွက် လိုအပ်သည့်လက်နက်ခဲယမ်းများအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တနင်္သာရီမှ ပြောသည်။
ထို့အပြင် ဧပြီလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ကလည်း တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်း၊ လယ်တောင်ယာရွာအနီးအတွင် စစ်ကောင်စီကားတစ်စီးအား ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၂ မှ ထုန်ပြန်ထားသည်။
တနင်္သာရီမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ကာ ဒေသခံ ၃၀၀၀ ကျော်မှာလည်း စစ်ဘေးရှောင်နေရကြောင်း သိရသည်။