ဧရာ၀တီတိုင်းမ်
ဧပြီလ ၉ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ် မြတ်သက်ဦး၏နေအိမ်ကို စစ်ကောင်စီတပ်က ဧပြီလ ပထမပတ်အတွင်းက စစ်ကြောင်းဖြင့် ဝိုင်းကာ ဗိုလ်ချုပ် မြတ်သက်ဦး၏မိသားစုဝင်အားလုံးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာရှိ ဗိုလ်ချုပ်မြတ်သက်ဦး နေအိမ်ကို စစ်ကောင်စီ တပ်များက စစ်ကြောင်းဖြင့် ဝိုင်းရံပိတ်ဆို့ပြီးနောက် ဗိုလ်ချုပ် မြတ်သက်ဦး၏ဇနီးဖြစ်သူ ဒေါ်မီမီဆွေလှိုင် အပါအဝင် မိသားစုဝင်အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များ ထံက သိရသည်။

“တိုင်းမှူးရဲ့ မိသားစုနေအိမ်ကို အရင်ကစစ်တပ်က လုံခြုံရေးချပေးထားတယ်။ အဲ့နေ့က စစ်‌တပ်က စစ်ကြောင်းထိုး ၀င်လာပြီး နေအိမ်ကို၀င်ဖမ်းတာ။ အိမ်မှာရှိတဲ့မိသားစုဝင်အကုန်လုံးကို ခေါ်သွားတယ်။ အရင်က ချပေးထားတဲ့အစောင့်တွေကိုလည်း ပြန်ခေါ်သွားတယ်”ဟု မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တပ်တွင်းသတင်း ရင်းမြစ်များအဆိုအရ စစ်တပ်ကဖမ်းခေါ်သွားသူများမှာ ဗိုလ်ချုပ် မြတ်သက်ဦး၏ဇနီး ဒေါ်မီမီဆွေလှိုင်နှင့် သား ၂ ဦး၊ ဗိုလ်ချုပ် မြတ်သက်ဦးတို့၏ ညီဖြစ်သူတို့ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား စစ်ကောင်စီက မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို မသိရပေ။

တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးမိသားစုဝင်များအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကောင်စီတပ်ကက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား စစ်ကားတစ်စီးဖြင့် နမခ စစ်ဌာနချုပ် အတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဗိုလ်ချုပ် မြတ်သက်ဦးမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာဇာတိဖြစ်ပြီး ၎င်း၏ နေအိမ်မှာ စုန်းချောင်းရွာတွင် တည်ရှိသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စုန်းချောင်းရွာရှိ စစ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနေအိမ်ကို စစ်ကောင်စီက တပ်လုံခြုံရေးအစောင့်အရှောက်များ ချထားခဲ့ကြောင်း သိရသည်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်း ဗိုလ်ချုပ် မြတ်သက်ဦးမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရသည်။

ရတခတိုင်းမှူးအဖြစ် ၇ လခန့် တာဝန်ထမ်းဆောင်ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် မတ်လကုန်ပိုင်းတွင် ၎င်းအား တိုင်းမှူးရာထူးမှ အနားပေးကာ ဖြုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိက ဗိုလ်ချုပ် မြတ်သက်ဦးကို ဘယ်မှာထားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ပုံမှန်အတိုင်းက နေပြည်တော်ကို ပြန်ခေါ်ပြီး အကျယ်ချုပ်ထားမယ်လို့ ယူဆရတယ်။ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တုန်းကလည်း အဲ့လိုပဲ လုပ်ခဲ့တာဆိုတော့ ဗိုလ်ချုပ် မြတ်သက်ဦးကိုလည်း အဲ့လိုပဲ ရာထူးကဖြုတ်ပြီး အကျယ်ချုပ်ထားမယ် ထင်တယ်”ဟု နမခတိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

အာဏာသိမ်းစစ်ခေါင်ဆောင်းက အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို ရာထူးမှ ဖြုတ်ခဲ့ပြီးနောက် ၎င်း၏နေရာတွင် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းကို ရတခ စစ်တိုင်းမှူးအဖြစ် တာဝန်ပေးထားသည်။

ဓာတ်ပုံ – MRTV
#ရတခ #တိုင်းမှူး #ဗိုလ်ချုပ် #မြတ်သက်ဦး #ဗိုလ်မှူးချုပ်စိုးမင်း #Ayeyarwaddy_Times