မောင်နှင်း/ဧရာ၀တီတိုင်းမ်
ဧပြီလ ၈ ရက်

“ဆင်ရိုင်း” ဒီနာမည်ကို မင်းအတွက် ငါကိုယ်တိုင်ပေးခဲ့တယ်။ မဟုတ်မခံ တုံ့ပြန်တတ်လို့ အရိုင်းဆန်တယ်ထင်ရပေမယ့် နှလုံးသားနုတဲ့ဆင်ရိုင်း။ အသက်လုပြေးကြရတာခြင်း အတူတူ လဲကျနေသူကို ပစ်မထားရက်လို့ လှည့်ပြန်ဆွဲခေါ်ရင်း ရဲဘော် ရဲဘက်စိတ် အပြည့်ရှိ ကြောင်းသက်သေပြခဲ့တဲ့မင်းကို ငါ့နှလုံးသားထဲမှာရိုက်သွင်းထားလိုက်ပါပြီ။

ဒီအကြောင်းအရာကို မြောင်မြို့နယ် ပြည့်ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ခေါင်းဆောင် ကိုနွေဦးက ရေးသားခဲ့တာပါ။ ကိုနွေဦးက စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) မြောင်ပြည်သူ့တပ်မတော် (MUA)၊ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်း(ခေါ်) ကိုဝေဖြိုးလျှံအတွက် ရေးသားခဲ့တာဖြစ်ပေမယ့် “ကိုဆင်ရိုင်း” ကတော့ သိနိုင်တော့မည် မဟုတ်ပါ။

ဆင်ဆိုတာ ကုန်းသတ္တဝါတွေထဲမှာ ကိုယ်ထည်အကြီးဆုံးနဲ့ ခွန်အားလည်း အကြီးဆုံး ဖြစ်ပြီး အချုပ်အနှောင် မခံရဘဲ၊ လွတ်လွတ် လပ်လပ်နေရမယ်ဆိုရင် အစုအဖွဲ့နဲ့သာ သွားလာကျက်စားတတ်ပါတယ်။ ချုပ်နှောင်မှုကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အစုအဖွဲ့ကို ဦးဆောင်ပြီး လွတ်လွတ်လပ်လပ် နေလိုတဲ့ ကိုဆင်ရိုင်းတစ်ယောက် အခုတော့ သူချစ်တဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ ရှိမနေတော့ပါဘူး။

စစ်ကိုင်းတိုင်း၊ မြောင်ဒေသ ဆွဲလွဲအိုကျေးရွာရဲ့ လွင်တီးခေါင် လယ်ကွင်းပြင်တွေ နားက လမ်းမပေါ်မှာ အသက်ရှိနေသေးတဲ့ လူတစ်ယောက်ရဲ့ဦးခေါင်းကို စစ်ကောင်စီတပ်သား တစ်ယောက်က ဓားမတိုတစ်ချောင်းဖြင့် မပြတ်မချင်း ရက်ရက်စက်စက် ခုတ်ဖြတ်နေပါတယ်။

“ခေါင်းကိုဖြတ်နေတာကွာ။ ခေါင်းကိုဖြတ်သွားတာကွာ။ တို့နဲ့နီးနီးလေး။ တို့ဆင်ရိုင်းကြီး။ ခန္ဓာကိုယ်ကြီးက အကြီးကြီးနဲ့” လို့ ဒရုန်းနဲ့ထောက်လှမ်းနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရေရွတ်နေယုံသာ တတ်နိုင်ခဲ့ပါတယ်။

အသက်ရှင်နေဆဲမှာတင် ကိုဆင်ရိုင်းရဲ့ ဦးခေါင်းကို စစ်ကောင်စီတပ်သားက ဓားမနဲ့ ခုတ်ယူသွားခဲ့ပါပြီ။

စစ်ကောင်စီတပ်မ (၉၉) ဘီလူးစစ်ကြောင်းဟာ ကိုဆင်ရိုင်းတို့ စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်ခံရတဲ့ ကိုဆင်ရိုင်းတို့ တပ်ခွဲမှာ တိုက်ပွဲဝင်နိုင်တဲ့ သေနတ် နှစ်လက်သာ ရှိခဲ့ပြီး အဲ့ဒီသေနတ် နှစ်လက်ကလည်း မိုင်းအဖွဲ့နဲ့ ကင်းအဖွဲ့ကို ပေးထားရတာပါ။ စခန်း စီးနင်းခံရတဲ့အချိန်မှာ ဘာလက်နက်မှ လက်ဝယ်ပိုင်ဆိုင် ထားခြင်းမရှိတဲ့ ကိုဆင်ရိုင်းတို့ ပိုင်ဆိုင်ခဲ့တာဟာ စခန်းစွန့်ခွာယုံမှတစ်ပါးပါပဲ။

စစ်ကောင်စီတပ်ကို ခုခံကာကွယ်ဖို့ လက်ငါးချောင်းတောင်မပြည့်တဲ့ လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ကိုဆင်ရိုင်းကို အဲ့ဒီဒေသ မြောင်နယ်အ‌ခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ CDSOM ရဲ့ ဒုတိယ တိုက်ခိုက်ရေးခေါင်းဆောင်အဖြစ် အညာသားပြည်သူတွေက အသိအမှတ်ပြုထားပါတယ်။

“ကိုဆင်ရိုင်းက တော်လှန်ရေးအပေါ်မှာ သစ္စာရှိသူတစ်ယောက်ပါ။ ဘယ်နေရာကနေ ပါရ ၊ ပါရ သူရတာသူလုပ်တယ်။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ပါပဲ” လို့ ကိုဆင်ရိုင်းရဲ့ ရဲဘော်ရဲဘက်တစ်ယောက်က ဆိုပါတယ်။

ဒုတိယအကြီးဆုံး တိုက်ခိုက်ရေး ခေါင်းဆောင်လို့ သတ်မှတ်ခံရတဲ့ ကိုဆင်ရိုင်းဟာ စစ်ကောင်စီ တပ်ကိုတော်လှန်ရင်း အခြားတစ်ဖက်မှာလည်း စစ်ရှောင်ပြည်သူတွေကို ကူညီစောင့်နေ သူလည်း ဖြစ်တယ်လို့ ကိုဆင်ရိုင်းရဲ့ ရဲဘော်တွေက ပြောပါတယ်။

“အကိုရေ နုကြည်ရဲ့ ရင်းထဲဝင်ရင် လက်နက်တွေရမယ်။ အဲဒါတွေရရင် ကျွန်တော်တို့ အလုပ်တွေအများကြီးပိုလုပ်နိုင်ပြီ။ အဲဒါကြောင့်ကျွန်တော် ရင်းထဲဝင်လိုက်တော့မယ်” လို့ ကိုဆင်ရိုင်းက CDSOM ခေါင်းဆောင် ကိုနွေဦးကို ပြောခဲ့ပါတယ်။

ဒီလိုနဲ့ ကိုဆင်ရိုင်းက သူမကျဆုံးမီ ရက်ပိုင်း အလိုမှာတော့ “အကိုရေ နုကြည် ရင်းထဲဝင်လဲ အလုပ်လုပ်ခြင်း မလုပ်ခြင်းဆိုတာထက် နောက်ကွယ်က နိုင်ငံရေး သမားတွေရဲ့ ထောက်ခံမှုမရရင် လက်နက်က ရဖို့မလွယ်ဘူးထင်တယ်နော်” လို့ ကိုနွေဦးကို ပြောခဲ့ပါသေးတယ်။

ကိုဆင်ရိုင်း(ခေါ်)ကိုဝေဖြိုးလျှံဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ကတည်းက လူထုဆန္ဒပြပွဲ လှုပ်ရှားမှုမှာ အစဉ်တစိုက်ပါ၀င်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်ကအင်အားသုံး ဖမ်းဆီးသတ်ဖြတ်မှုများကို လုပ်ဆောင်လာချိန်မှာတော့ လက်နက်ကိုင်လမ်း စဉ်ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

“စခန်းကိုဆုတ်ခွာရချိန်မှာ သူ့ရဲ့‌(ကိုဆင်ရိုင်း) သူငယ်ချင်းရဲဘော်ကျန်ခဲ့လို့ ပြန်ပြေးဆွဲရင်း သူ့ကိုဖမ်းမိခဲ့ပြီး အခုလိုလူမဆန်အောင် သတ်ဖြတ်ခံခဲ့ရတာပါ”လို့ CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦး(မြောင်)က ပြောပါတယ်။

စခန်းကိုမကြာခင်ကမှ ရောက်ရှိနေတဲ့ သူ့မိတ်ဆွေ CDM စစ်‌ဗိုလ် နောက်ကျကျန်ခဲ့တာကြောင့် နောက်ပြန်လှည့် ခေါ်ယူစဉ်မှာပဲ ကိုဆင်ရိုင်းရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာဖြစ်ပြီး CDM ဗိုလ်နဲ့အခြားရဲဘော်ကိုတော့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

စစ်ကိုင်းဘီလူးကွန်မန်ဒို အဖွဲ့လို့ ကြွေးကြော်ထားတဲ့ တပ်မ(၉၉) လက်အောက်ခံ စစ်ကောင်စီတပ်သားဟာ ကိုဆင်ရိုင်းရဲ့ခေါင်းကို ဓားမတစ်ချောင်နဲ့ သွေးအေးစွာ ခုတ်ဖြတ်ခဲ့ပြီး ဦးခေါင်းပြတ်ကို ပိုက်ယူသွားတဲ့ မြင်ကွင်းကို ကင်းထောက်ဒရုန်းကနေ မြင်တွေ့ခဲ့ရတာပါ။

ကိုဆင်ရိုင်းရဲ့ ဦးခေါင်းကို ရက်ရက်စက်စက် ခုတ်ဖြတ်ပြီးနောက် ကျန်ခဲ့တဲ့ ကိုဆင်ရိုင်း ရဲ့ ခန္ဓာကိုယ်ကို လွင်တီးခေါင် လယ်ကွင်းထဲမှာပဲ ပစ်ထားခဲ့တာပါ။

“စစ်ကောင်တပ်ဟာ သူတို့ယူဆောင်သွားတဲ့ ကိုဆင်ရိုင်းရဲ့ ဦးခေါင်းကို ရွာအပြင်မှာ ပစ်ထားခဲ့တာကို နောက်တစ်ရက် မတ်လ ၃၁ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကိုဆင်ရိုင်းရဲ့ ဦးခေါင်းဟာ ဓားမနဲ့ အခုတ်ခံထားရပါတယ်။ ဦးခေါင်းခွံထိ မြင်နေရတဲ့ ဟတ်တက်ကွဲ ဒဏ်ရာ တစ်ခုရှိနေပြီး နားရွတ်နှစ်ဖက်စလုံး ရှိမနေတော့ပါဘူး” လို့ မြင်းမူမြို့ပြ တော်လှန်ရေး အဖွဲ့ခေါင်း ဆောင် ကိုလုလင်က ဆိုပါတယ်။

စစ်ကောင်စီတပ်က ခေါင်းဖြတ်ခဲ့တဲ့ စစ်ကိုင်းခရိုင်၊ အမှတ်(၁)တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနဲ့အတူ ဖမ်းဆီးခေါ်သွားဆောင်ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်မင်းမင်းသန့် ၊ ရဲဘော် မြတ်မင်းချစ် တို့ရဲ့ ဈာပန အခမ်းအနားကို ဧပြီလ ၅ ရက်နေ့က အညာမြေမှာရှိတဲ့ အာဇာနည်သူရဲကောင်း ဗိမ္မာန်မှာ ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ကိုဆင်ရိုင်းရဲ့ ရဲဘော်ရဲဘက်များ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့များနဲ့ အညာပြည်သူများက လွမ်းသူပန်းခွေတွေ ကိုင်ဆောင်ပြီး တက်ရောက်ခဲ့ကြပါတယ်။

ကိုဆင်ရိုင်းဟာ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ “တိုက်ရဲတယ်၊ သတ်ရဲတယ်၊ အမှန်တရား အတွက် သေရဲတယ်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

လက်နက်လုံလုံလောက်လောက်မရှိဘဲ တိုက်ပွဲဝင်ခဲတဲ့ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၁) မြောင်ပြည်သူ့ တပ်မတော် (MUA)ရဲ့ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်း(ခေါ်) ကိုဝေဖြိုးလျှံ တစ်ယောက် လူလောကမှာ မရှိတော့ပါဘူး။

သူမရှိတော့ပေမယ့် သေနတ်လိုချင်တဲ့ သူ့ရဲ့အိပ်မက်တွေနဲ့ သူ့ရဲ့ အုတ်ဂူကတော့ အညာဒေသမှာ ရှိနေဦးမှာပါ။

#အညာကဆင်ရိုင်း #ဆောင်းပါး #Ayeyarwaddy_Times