ဧရာဝတီတိုင်းမ်
ဧပြီလ ၉ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဧပြီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ခြံထဲမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်းမှာနေထိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်ရဲ့ နေအိမ်ခြံ၀န်းအတွင်းမှာဗုံးတစ်လုံးပေါက်ကွဲပြီး မော်တော်ယာဥ်တစ်စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ပေါက်တာကတော့ ခြံထောင့်မှာပေါက်တာ ပေါက်တဲ့ဗုံးက တော်တော်ပြင်းတယ်ခြံထဲမှာရပ်ထားတဲ့အိမ်စီးကားတစ်စီးတော့တော်တော်ပျက်စီးသွားတယ် ဗုံးပေါက်တဲ့အချိန်ဖြတ်သွားတဲ့ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် ဗုံးအစစင်သွားတယ် “လို့ ကြံခင်းမြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတဟ်။
ဗုံးစထိမှန်သူဟာရွာသစ်ရပ်ကွက်မှာနေထိုင်တဲ့ ကိုပြောင်ကြီးဆိုသူဖြစ်ပြီး ဗုံးစထိမှန်တဲ့ဒဏ်ရာနဲ့ ကြံခင်းမြိုနယ်ဆေးရုံမှာ တက်ရောက်နေရတယ်လို့သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်မှာပဲ စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့ ဧပြီ လ၉ရက်နေ့မှာတော့ကြံခင်းမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားပြီး ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ကြံခင်းမြို့နယ်မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းများဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိသေးပါ။
#ကြံခင်းမြို့နယ် #အုပ်ချုပ်ရေးမှူးနေအိမ် #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times