နွေရာသီအပူဒဏ်နဲ့ သတိပြုစရာ ကျန်းမာရေးပြဿနာ
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီလ ၉ ရက်)
ပူပြင်းခြောက်သွေ့လွန်းတဲ့ နွေရာသီအပူဒဏ်က လူတွေရဲ့ ကျန်းမာရေးကို ထိခိုက် စေပါတယ်။ ပူပြင်းလှတဲ့ အညာဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ကျေးရွာ တော်တော်များဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးကို ခံထားရပါတယ်။ မြန်မာနိုင်ငံ အနှံအပြားမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံထားရလို့ အမိုး ၊ အကာ နဲ့ နေစရာများ ပျက်စီးဆုံးရှုံးထားရတဲ့ ပြည်သူတွေနဲ့ စစ်ဘေးရှောင်နေရသူတွေဟာ ယခုနှစ်မှာ အပူဒဏ်ကို ပိုပြီး ထိခိုက်ခံစားနေရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ချို့သစ်ပင်ကြီးတွေ အပါအဝင် ဇီဝစနစ်တွေပါ ထိခိုက်ပျက်စီးဆုံးရှုံးရပါတယ်။ ရွာတွေ ၊ မြို့တွေ ပျက်စီးပြီး စားဝတ်နေထိုင်ရေးကိစ္စတွေမှာ ဆင်းရဲဒုက္ခဖြစ်စေရုံသာမက သဘာဝပတ်ဝန်းကျင် အမွေ အနှစ်တွေပါ ပျက်စီးဆုံးရှုံးရတာတွေဟာ အလွန်ကြီးမားလှတဲ့ နစ်နာဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။
သက်ကြီးရွယ်အို ကလေးသူငယ် ပြည်သူအများက နွေရာသီရဲ့ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ကြပါတယ်။
နွေအပူဒဏ်ကို ခန္ဓာကိုယ်က တုံ့ပြန်ပုံ
ကျွန်တော်တို့ လူသားတွေက သွေးနွေးသတ္တဝါတွေ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာက အပူအအေး နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ မျှခြေအပူချိန်တစ်ခုမှာ ထိန်းပြီး အသက်ရှင်ဖို့ တုံ့ပြန်ရပါတယ်။ ပတ်ဝန်းကျင်ကချမ်းအေးလာရင် ကိုယ်ကနွေးအောင် တုံ့ပြန်ရသလို ပူလာတဲ့အခါမှာလည်း ဒီအပူကိုပြန်လည် စွန့်ထုတ်ပြီး အေးသွားအောင် တုံ့ပြန်ပြီး ရှင်သန်ရပါတယ်။ ဥပမာအနေနဲ့ဆိုရရင် ချွေးထွက်တဲ့အခါ ချွေးအငွေ့ပျံပြီး ကိုယ်ခန္ဓာကို အေးစေပါတယ်။ ချွေးထွက်တာ ကောင်းပေမယ့် အခုလို နွေပူပူမှာ အပြင်ရာသီ ဥတုအပူက ခန္ဓာကိုယ်တွင်း ဝင်ရောက်ပါတယ်။ အရေပြားအောက်က သွေးကြောတွေကို ကျယ်စေပြီး ချွေးရည်ထုတ်အင်္ဂါ (Sweat Glands) တွေက သွေးတွေဆီ ပို့ပါတယ်။
အဲ့ဒီအခါ ချွေးဂလင်းလေးတွေက အရည်နဲ့ ဓါတ်ဆားတွေ ပါဝင်တဲ့ ချွေးကို စွန့်ထုတ်ပြီး အပူဒါဏ်ကို ပြန်လည်တုံ့ပြန်ပေးရပါတော့တယ်။ ချွေးထွက်လွန်တဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ် ကုန်ဆုံးခမ်းခြောက်သွားတဲ့အပြင် ဆားဓါတ်တွေပါ လျော့နည်းပြီး ပျော့ခွေ အားနည်း သွားတတ်ပါတယ်။ အဲ့ဒီထက် ပိုဆိုးလာရင် အပူဒဏ်ကိုရင်မဆိုင်နိုင်တော့ဘဲ ကိုယ်ခန္ဓာ အင်္ဂါတွေရဲ့ ဆဲလ်တွေ ထိခိုက် ပျက်စီးပါတော့တယ်။ ကိုယ်တွင်း ကလီစာတွေလည်း ကောင်းကောင်း အလုပ်မလုပ်ဘဲ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ကြပါတယ်။
ဒါကြောင့် အနေအထိုင်မဆင်ခြင်တဲ့အခါ ၊ ကျန်းမာသုတ မရှိတဲ့အခါ ၊အပူဒဏ်ကြောင့် မသေသင့်ဘဲ သေကြရပါတယ်။
နွေအပူကြောင့် ဖြစ်တတ်တဲ့ ထိခိုက်မှုတွေကို သေသေချာချာ သတိပြုရပါမယ်။
နေလောင်ခြင်း – Sun burn
အပူနာ – မိတ်ရောဂါ Heat Rash
အပူဒဏ်ကြောင့် ကြွက်တက်ခြင်း -Heat Cramps
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း -Heat Exhausion
အပူဒဏ်ကြောင့် သတိလစ်ခြင်း- Heat Stroke
အကြောင်းလေးတွေကို ရှင်းပြပေးပါမယ်။
Sun Burn (နေလောင်ခြင်း)
နေလောင်ခြင်းကြောင့် အရေပြားနီရဲလောင်ကျွမ်းပြီး အရည်ကြည်ဖုတွေပါ ဖြစ်ပေါ် တတ် ပါတယ်။
Heat Rash (အပူနာ – မိတ်ရောဂါ)
အပူနာ မိတ်အဖုလေးတွေ က လည်ပင်း၊ ရင်ဘတ်၊ ပေါင်ခြံ နှင့် တံတောင်ဆစ် အပါအဝင် ခန္ဓာကိုယ်အနှံ့မှာ အနီရောင် အရေကြည် အဖုလေးများတွေ့နိုင်ပါသည်။ အဖုလေးတွေ မဖောက်ဖို့ ဂရုစိုက်ရပါမယ်။ အယားသက်သာဖို့ Calamine Lotion လို ဆေးတွေ လိုအပ်ပါတယ်။
Heat cramps (အပူဒဏ်ကြောင့် ကြွက်တက်ခြင်း)
အပူဒဏ်ကြောင့် ကြွက်တက်ခြင်းကို နေပူထဲ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများမှာ ဖြစ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာရေနဲ့ ဓါတ်ဆား (သတ္တုဓါတ်) တွေစတင်နည်းပါးလာပြီဆို ဖြစ်ပါတယ်။ ကြွက်သားတွေနာမယ်။ ခြေထောက်နဲ့ ဝမ်းဗိုက် ကြွက်သားတွေမှာ ကြွက်တက်မယ်။ ကိုယ်ခန္ဓာ ပူလာပါမယ်။
အရိပ်ရတဲ့နေရာမှာ နားနားနေနေ နေပြီး ဓါတ်ဆားရည်သောက်လိုက်တာဟာ ကုသမှု ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။
Heat Exhausion (အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နေပူထဲမှာ အချိန်အကြာကြာနေမိတဲ့အခါ အပူ ဒဏ်ကြောင့် ချွေးထွက်များတယ်။ ချွေးထွက်လွန်လာပြီး လူကိုစမ်းသပ်ဖို့ ကိုင်ကြည့်ရင် အေးအေးစိုစိုကြီးဖြစ်နေပါမယ်။ အသက်ရှုမြန်လာပါမယ်။မူးဝေ အော့အန် ခေါင်းကိုက် စိတ်ရှုပ်ထွေးနေပါမယ်။လူက ဂဏှာမငြိမ် ဖြစ်လာပါတယ်။၊ ကြွက်တက်တာတွေ နုံးချိ အားနည်းတာတွေ ရေငတ်တာတွေ ခံစားရမှာပါ။
အရိပ်ရပြီးအေးတဲ့နေရာမှာထားပါ။ ခြေထောက်ကို အမြင့်မှာထားပေးပြီး ( ခြေထောက် မြှောက်) လဲလျောင်းအနားယူခိုင်းရပါမယ်။ အဝတ်အထူတွေချွတ်ရပါမယ်။ ရေနဲ့ဓါတ်ဆား ပြန်ဖြည့်ပေးရပါမယ်။ ကျန်းမာရေးစောင့်ရှောက်သူနဲ့ ပြသတိုင်ပင် ကုသရပါမယ်။ ဆေးရုံလက်လှမ်းမှီရင်သွားရပါမယ်။
Heat stroke (အပူဒဏ်ကြောင့် သတိလစ်ခြင်း)
အပူဒဏ်ကြောင့် သတိလစ်ခြင်း အဆင့်ကတော့ စိတ်အပူရဆုံး အန္တရာယ်အရှိဆုံး အစိုး ရိမ်ရဆုံး အခြေအနေဖြစ်ပါတယ်။ အဖျား 103 ဒီဂရီ ဖာရင်ဟိုက်နှင့်အထက် ခြစ်ခြစ် တောက် ကိုယ်ပူနေပါမယ်။ အရေပြားတစ်ခုလုံး ခြောက်သွေ့နေပါမယ်။ ပျို့ခြင်း ၊ ခေါင်းမူးခေါင်းကိုက်ခြင်း ၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း စတဲ့ လက္ခဏာ တွေရှိလာတဲ့အခါ သေချာ မကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပြီ။ ခန္ဓာကိုယ်ဟာ အပူချိန်ကို မထိန်းနိုင် တော့ပါဘူး။ အပူချိန်အမြင့်ဆုံးထိ ထိုးတက်သွားနိုင်ပါတယ်။ သွေးခုန်နှုန်းမြန်လာပါမယ်။
လူနာကို ကိုင်တွယ်ရင် ပူပူနဲ့ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်သွားပါပြီ။ အပူချိန်ကို ပြန်ထိန်းညှိပေးဖို့ ချွေးလုံးဝမထွက်နိုင်တော့ပါ။ သတိလစ်တာ တက်တာ အထိ ဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိပါပြီ။
အသက်သေဆုံးသည် အထိဖြစ်နိုင်ပါသည်။ ဆရာဝန်နဲ့သေသေချာချာ ပြသ ကုသ ရပါမယ်။ အရေးပေါ်ကုသမှုအဖြစ် အရိပ်ရနေရာမှာထားပါ။ လေဝင်လေထွက် ကောင်းပါစေ။ သတိရှိနေသေးရင် ဓါတ်ဆားရည်တိုက်ရပါမယ်။ ဆေးရည်သွင်း ကုသမှုတွေ စတင်ရတော့မှာပါ။ အပူလျော့ဖို့ ရေပတ်တိုက်ရပါမယ်။။ နဖူး လည်ပင်း ချိုင်းကြား ပေါင်ခြံကြားတွေကို ရေစိုဝတ်ကပ်ပေးရပါမယ်။ လူနာ သက်သာတဲ့အချိန်ထိ မရပ်မနားကုသပေးရမှာ ဖြစ်ပါတယ်။
အရေးပေါ် ရှေးဦး ပြုစုခြင်းအတွက် အရိပ်ရ အေးမြတဲ့ နေရာ ပြင်ဆင်ထားရပါမယ်။
ဓါတ်ဆားထုတ်များ Normal saline ဆေးရည်ပုလင်းများ အသင့်ပြင်ဆင်ထားရပါမယ်။
အခြေအနေပေးပါက ရေခဲ၊ ရေငွေ့ထုတ်လေပန်ကာ လေအေးပေးစက်များ ရနိုင်ပါက ပိုကောင်းပါတယ်။
ပြည်သူများ နွေရာသီမှာ ဂရုပြုနေထိုင်သင့်တဲ့ အချက်များ
-အရိပ်ရပြီး အေးမြသော နေရာမှာနေပါ။
-အရောင်ဖျော့ဖျော့ ချောင်ချောင်ချိချိ ခပ်ပွပွ ချည်ထည် များကို ရွေးချယ်ဝတ်ဆင်ပါ။
-အပြင်ထွက်ဖို့ကြုံလာတိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန် နေရောင်ခြည်ကာ လိမ်းဆေး SunCream တွေ အသုံးပြုပါ။
-မနက် (၁၀)နာရီမှ ညနေ (၅)နာရီအတွင်း အမိုးအကာရှိတဲ့နေရာများမှာ နေကြပါ။
-ရေများများသောက်ပါ။ သစ်သီးများများစားပေးပါ။
-ပူပြင်းသောနေရောင်အောက်မှာ အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း တို့ကို တတ်နိုင်သမျှ ရှောင်ပါ။
-နေပူထဲမှပြန်လာပြီး ချက်ချင်း ရေမချိုးပါနဲ့။
စစ်ဘေးရှောင်တွေနဲ့ အပူဒဏ်ခံစားနေရတဲ့ ပြည်သူများ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာနေထိုင်ခြင်းဖြင့် အပူဒဏ်အန္တရာယ်မှ ကင်းရှင်းနိုင်ကြပါစေ။
နောက်တစ်ပတ်မှာတော့ ထိခိုက်ဒဏ်ရာ ဖြစ်ပေါ်ပါက အရေးပေါ် ကုသရမယ့် လုပ်ငန်းစဉ် တွေကြောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အားလုံး ဒုက္ခကုန်ဆုံးပြီး မဝေးတော့တဲ့ ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ဘေးရှောင် #နွေအပူဒဏ်နဲ့ကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times