နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဧပြီလ ၉ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ကနေ ရန်ကုန်မြို့ကိုသွားတဲ့ ကားလက်မှတ်စျေးဟာ သင်္ကြန်ကာလအတွင်းအရောက်မှာ ထက်ဝက်ကျော်မြင့်တက်လာတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဧပြီလ ပထမပတ်လောက်စတင်ကာ ကားလက်မှတ်ခစျေးတွေမြင့်တက်လာတာဖြစ်ပြီး ဧပြီလ ၈ ရက်နေ့မှာတော့ ယခင်က ၅၀၀၀ ပေးဝယ်ရတဲ့ ထိုင်ခုံလက်မှတ်ဟာ ၉၀၀၀ ထိစျေးမြင့်တက်လာတယ်လို့ ဒေသခံခရီးသွားတွေက ပြောပါတယ်။
” ကားခက လဆန်းပိုင်းထဲက တက်နေတာ မနေ့က ထက်တက်တော့ပိုဆိုးသွားတယ်၊ သင်္ကြန်ရက်ဆိုရင် ပိုဆိုးမယ်ထင်တယ်၊ ခုက ထက်ဝက်လောက် စျေးတက်သွားတယ်”လို့ အသက် ၃၈ နှစ်အရွယ် ခရီးသွား အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မအူပင်ကနေ ရန်ကုန်မြို့ကိုသွားတဲ့ ကားလက်မှတ်ခ စျေးဟာ ရှေ့ခန်းအတွက် ၅၀၀၀၊ အလယ်ခုံအတွက် ၄၀၀၀နဲ့ နောက်တန်းခုံအတွက် ၃၀၀၀ သာကျသင့်ခဲ့ပြီး သင်္ကြန်ကာလမှာ ရှေ့ခန်းအတွက် ၉၀၀၀၊ အလယ်ခုံအတွက် ၈၀၀၀နဲ့ နောက်တန်းခုံအတွက် ၇၀၀၀ အထိမြင့်တက်လာတာလို့ ဆိုပါတယ်။
ခုလိုကားလက်မှတ်ခ စျေးတွေမြင့်တက်လာတာဟာ ဆီစျေးတွေ အဆမတန်စျေးကြီးပြီး ဝယ်ယူရခက်ခဲ လာတာကြောင့် စျေးကိုက်အောင်ယူရတာဖြစ်တယ်လို့ ယာဥ်လိုင်းပြေးဆွဲနေသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမြို့နယ်တွေဖြစ်တဲ့ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေးကနေ ရန်ကုန်မြို့ကို သွားတဲ့ကားတွေဟာ သင်္ကြန်ရက်ပုံမှန် စျေးတက်လေ့ရှိပေမယ့် ဒီနှစ်မှာ သင်္ကြန်မတိုင်ခင် စျေးမြင့်တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
#မအူပင်မြို့ #ရန်ကုန် #ကားလက်မှတ်ခ #ထက်ဝက်ကျော်မြင့်တက် #Ayeyarwaddy_Times