ဆောင်းပါးရှင် – ဝေဟင်စိုး
ဧရာ၀တီတိုင်းမ်/ဧပြီလ ၉ ရက်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲရလာဒ်အပေါ် မဲမသမာမှုပြုလုပ်သည်ဟုဆိုသောအကြောင်းပြချက်ဖြင့် စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ဓလေ့ရိုးရာ သင်္ကြန်ပွဲတော်သည် လူထုမပါဝင်သာ တော်လှန်သင်္ကြန်ဖြစ်ခဲ့သည်။

စစ်အုပ်စုလက်ထက်ပြုလုပ်ခဲ့သော သင်္ကြန်သည် ၂ နှစ်ရှိ လာပြီဖြစ်ပြီး သင်္ကြန်ဒိုးပတ်သံ၊ သင်္ကြန်သံချပ် သံများမကြားရဘဲ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။

လွန်ခဲ့သော ၂၀၁၉ ခုနှစ် NLD အရပ်သားအစိုးရလက်ထက်က ပြုလုပ်ပေးခဲ့သော ချင်းတွင်းသင်္ကြန်၊ မန္တလေးသင်္ကြန်၊ ရန်ကုန်သင်္ကြန်၊ နေပြည်တော်သင်္ကြန်များသည် ကြက်ပျံမကျ စည်ကားခဲ့ပြီး မြန်မာပြည်သူတွေလည်း ပျော်ရွှင်စွာ နှစ်သစ်ကူးခဲ့ကြသည်။

သို့သော် နိုင်ငံရေးတွင် အာဏာရှင်စစ်အုပ်စု ပါဝင်ပတ်သက်နေသမျှကာလပတ်လုံး သင်္ကြန်သည် အသက်ကင်းမဲ့နေလိမ့်ဉီးမည်ဟု အများစုသော လူထုကလည်း လက်ခံထားကြသည်။

ယခုနှစ် စစ်အုပ်စုပြုလုပ်မည့် သင်္ကြန်သည်လည်း ကွက်ကျားမိုးရွာသကဲ့သို့ နေရာတချို့သာ စည်ကားနိုင်ပြီး နေရာအများစု၌ ခြောက်ကပ်နေနိုင်ကြောင်း ရန်ကုန်မြို့ သင်္ကြန်သံချပ်အဖွဲ့တစ်ခု၏ခေါင်းဆောင် ကိုသံခဲ(အမည်လွှဲ)က ပြောဆိုသည်။

“သင်္ကြန်မှန်ရင် ဒိုးပတ်သံ၊ သံချပ်သံတွေပါမှ အဓိပ္ပာယ်ရှိတာလေ။ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ လူထုအကြား ပေါင်းကူး အသိပေးနေတဲ့ သံချပ်လိုမျိုးက နိုင်ငံမှာ ပြုပြင်ပြောင်းလဲသင့်တာကို ထောက်ပြနေတဲ့ ဟာမျိုးပေါ့။ ငါတို့လုပ်တာအမှန် ငါတို့ကို လာမဝေဖန်နဲ့ ဝေဖန်နိုင်တဲ့ ဟာမျိုးတွေမလုပ်နဲ့ ဆိုတာမျိုးက ကောင်းမွန်တဲ့ အစိုးရ သန့်ရှင်းတဲ့ အစိုးရ မဟုတ်တော့ဘူး။ ငါ့မြင်း ငါစိုင်း ဘယ်ရောက်ရောက်ဆိုတာမျိုးကြောင့် လက်ရှိ နိုင်ငံတွင်း ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာဟာ ပိုကြီးထွားလာရတာ”ဟု ကိုသံခဲက ပြောဆိုသည်။

သံချပ်မပါသော သင်္ကြန်သည် ဆားမပါသောဟင်းလို ပေါ့ပျက်ပျက်နှင့် အရသာမရှိသလို၊ အဓိပ္ပါယ်လည်း မရှိဟု သင်္ကြန်သံချပ်သမား ကိုသံခဲက ယုံကြည်ထားသည်။

“သံချပ်လိုဟာမျိုးက ဘယ်အစိုးရလက်ထက်ဖြစ်ဖြစ် ထောက်ပြဝေဖန်လာခဲ့တာလေ။ အခု ဒါမျိုးတွေမပါဘဲ မူးယစ်သောက်စားပြီး ကကြခုန်ကြဆိုတာမျိုးနဲ့ စစ်အုပ်စု ဘက်က လူထုအာရုံပြောင်းအောင်လုပ်နေတာမျိုးဟာ ရေရှည်တိုင်းပြည်အတွက်ကောင်းလာမယ့် ကိစ္စမဟုတ်ဘူး။ လက်ရှိအခင်းအကျင်းအပေါ်မှာလည်း လူထုက နားလည်သဘောပေါက်နေတာကြောင့် သင်္ကြန်က အရင်နှစ်တွေအတိုင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးသွားဉီးမှာပါ။ စစ်အုပ်စုလုပ်တဲ့သင်္ကြန်ဟာ ကွက်ကျားမိုးလို အခြေအနေပါ”ဟု ကိုသံခဲက ဆိုသည်။

ပြည်သူတင်မြှောက်ထားသော NLD အရပ်သားအစိုးရလက်ထက်က ကျင်းပပြုလုပ်ခဲ့သော သင်္ကြန်ပွဲများတွင် တိုင်းနှင့်ပြည်နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၏ တိုင်း၊ ခရိုင်၊ မြို့နယ်မှအစပြု၍ ရပ်ကွက်နှင့် ကျေးရွာများအဆင့် မဏ္ဍပ်များ၊ ဝန်ကြီးဌာန အလိုက် မဏ္ဍပ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ မဏ္ဍပ်များဖြင့် အပြိုင်အဆိုင်ပြူလုပ် ကျင်းပခဲ့ကြသည်။ ပြည်သူလူထုကလည်း စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ Covid 19 ကမ္ဘာ့ကပ်ရောဂါစတင် ဖြစ်ပွားခဲ့သည်။ Covid – 19 ရောဂါကြောင့် NLD အစိုးရက ၂၀၂၀ ခုနှစ်၊ သင်္ကြန်ပွဲကို မကျင်းပဘဲ ဖျက်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်လည်း စစ်အုပ်စုက သင်္ကြန်ပွဲ မကျင်းပဘဲ ထားရှိခဲ့သည်။

သို့သော် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု လျော့ကျခဲ့သည့်နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် စစ်အုပ်စုက ငွေကုန်ခံ၍ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို ကျင်းပခဲ့သော်လည်း ပြည်သူလူထုက ညီညာစွာ သပိတ်မှောက်ခဲ့သဖြင့် လူမရှိသော သင်္ကြန်မဏ္ဍပ်များက ပြည်သူတို့အတွက် လှောင်ရယ်စရာဖြစ်ခဲ့သည်။

လက်ရှိ ၂၀၂၃ ဧပြီတွင် အာဏာသိမ်း စစ်အုပ်စုသည် သင်္ကြန်ပွဲကို အစည်ကားဆုံးကျင်းပရန် အပြင်းအထန် ပြင်ဆင်နေပြီး သင်္ကြန်မဏ္ဍပ်များကို ပြည်နယ်နှင့်တိုင်းများတွင် အပြိုင်းအရိုင်း ဆောက်လုပ်နေသည်။

စစ်အုပ်စုပြုလုပ်သည့်သင်္ကြန် လူထုက ဘာလို့မပါဝင်ချင်တာလဲ

စစ်အာဏာရှင်အုပ်ချုပ်မှုဘ၀မှ လွတ်မြောက်ရန် ခုခံစစ်မှအစပြု၍ ထိုးစစ်အထိ တွန်းလှန်တိုက်ခိုက်နေရသည့် မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းများတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးသည်။ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်သည်။

စစ်အုပ်စု၏ ထိုးစစ်လှုပ်ရှားမှုများအတွင်း အပြစ်မဲ့ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၊ အရပ်သားများ သေကြေခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ မုဒိန်းကျင့်ခြင်းအပြင် သတ်ဖြတ်မှုများ ကျူးလွန်နေသည့်အတွက် ယင်းဖြစ်စဉ်များ နိစ္စဓူဝ ကြားသိနေရသော လူထုက စစ်အုပ်စုအပေါ် မုန်းတီးရွှံရှာလာခဲ့သည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ပြည်သူများ၏ ပါဝင်မှုသည် သီတင်းကျွတ်တွင် မဆင်နွဲ၊ သင်္ကြန်တွင် ရေမပက်၊ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်စသဖြင့် စစ်အုပ်စုက အုပ်ချုပ်ရန်ကြိုးစားနေခြင်းအပေါ် တရားမဝင်ကြောင်း ပြသခဲ့ကြသည်။

ထို့အပြင် စစ်ဘေးရှောင်ဒေသများ၊ စစ်ပွဲဖြစ်ပွဲနေသည့် ဒေသများနှင့်အတူ တသား တည်းရပ်တည်ကြောင်း ၊ တော်လှန်ရေးကို ဆက်လက်ထောက်ခံပါဝင်နေကြောင်း ပြည်သူလူထုက နည်းမျိုးစုံဖြင့် ဖော်ထုတ်ပြသ လှုပ်ရှားခဲ့သည်မှာ ၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

စစ်အုပ်စုက လူထုမပါဝင်သည့် သင်္ကြန် ဘာကြောင့် ပြုလုပ်နေတာလဲ

အကြောင်းအရင်းကား နှစ်ချက်တွေ့ရသည်။ ပထမအချက်အနေဖြင့် စစ်အုပ်စုက မြန်မာ့ရိုးရာသင်္ကြန်ကို အကြောင်းပြု၍ ကမ္ဘာ့အမွေအနှစ်စာရင်း(UNESCO )ဝင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဒုတိယအချက်မှာ စစ်အုပ်စုက နိုင်ငံအတွင်းဖြစ်ပွားနေသော ပြဿနာအရပ်ရပ်ကို ၎င်းတို့အနေဖြင့် ထိန်းချုပ်နိုင်ကြောင်း ပြည်တွင်းပြည်ပကို ပြသရန် တစ်နည်းအားဖြင့် ကြိုးပမ်းနေသည့် သဘောဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။

ယင်းအတွက် စစ်အုပ်စုက သင်္ကြန်ပွဲတော်ကာလအတွင်း ၎င်းတို့၏အကျိုးအမြတ်များအတွက် သင်္ကြန်မဏ္ဍပ် များတည်ဆောက်ခြင်း၊ နိုင်ငံတကာ DJ များကိုခေါ်ယူ၍ EDM (Electronic Dance Music) ကဲ့သိုသော ပွဲများ ကိုလည်း ထည့်သွင်းရန်ကြိုးစားနေသည်။

ယင်းအတွက် စစ်အုပ်စုပြုလုပ်မည့်သင်္ကြန်တွင် ပါဝင်ဖျော်ဖြေတီးခတ်မည့် ပြည်တွင်း DJ အဖွဲ့များအား စစ်ကောင်စီ၏ ဘက်တော်သားများအဖြစ်သတ်မှတ်ကာ အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်သော Dark Shadow (YGN UG)က မတ်လ ၁၅ ရက်တွင် နောက်ဆုံးအကြိမ် သတိပေးကြောင်း ထုတ်ပြန်ထားသည်။

Dark Shadow(YGN UG) အဖွဲ့၏သတိပေးချက်တွင် မကြာမီကျရောက်မည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက Yangoon Water Festival ၊ Myanmar Thingyan Music Festival နှင့် Thingyan Vina Festival – TVF ပွဲများကို ပြုလုပ်ခွင့်ပေး၍ တော်လှန်ရေးကာလကို မေ့ပျောက်စေရန် ဖန်တီးပြုလုပ် နေကြောင်း ပါဝင်သည်။

ထို့ကြောင့် Yangon Water Festival တွင် ပြည်တွင်းပြည်ပမှ နာမည်ကြီး DJ များ ပါဝင် နေသည်ကို မိမိတို့အနေဖြင့် ကြားသိရကြောင်း၊ ယင်းအပေါ် သပိတ်ကော်မတီ တော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများကို အကြောင်းကြား၍ ပါဝင်ပတ်သက်ခြင်း မပြုရန် တောင်းဆိုထားသည်။

အလားတူ ပြည်တွင်းမှ EDGE ၊ E11ven11 ၊ Dj Rush ၊ S Logic၊ Glan ၊ Mike Haider ၊ Tempo ၊ Zam စသည့် DJ များကိုလည်း Dark Shadow (YGN UG) အဖွဲ့က ပါဝင်ဖျော်ဖြေခြင်းမပြုရန် သတိပေး ထုတ်ပြန်ထားသည်။

သင်္ကြန်ကို အကြောင်းပြု မင်းသားခေါင်းဆောင်းပြီး ကပြမည့် စစ်အုပ်စု

နိုင်ငံအနှံ့ မီးလောင်တစ်စပြင်နှင့် သိန်းနှင့်ချီများပြားသော စစ်ဘေးရှောင်များ ၊ နိုင်ငံအတွင်း တောက်လောင် နေသော စစ်မီး၊ ငတ်မွတ်မှုဘေး ၊ စစ်အုပ်စုလက်ထက်တွင် ကျဆင်းသွားသည့် ငွေကြေးတန်ဖိုး ပြုန်းတီးလာခဲ့ သည့် သဘာဝအရင်းအမြစ်၊ ဆုံးရှုံးသွားသည့် လူသားအရင်းအမြစ်များနှင့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် အလုပ်သမား၊ လယ်သမားလူတန်းစား ပြသာနာပေါင်းသောင်းခြောက်ထောင်နှင့် ပျက်ယွင်းစပြုနေသည့် နိုင်ငံအား ဓမ္မနှင့် အဓမ္မ မခွဲခြားနိုင်သောလူတန်းစားတစ်ရပ်ဖြင့် သင်္ကြန်ကိုပုံဖော် UNESCO တင်သွင်းမည့် အရေးသည် မင်းသားခေါင်းဆောင်း ရှေ့ထွက်ကပြရန် ကြိုးစားသည်ထက် မပိုသောလုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ဆောင်းပါး ရှင် မယ်စုံ က The Call -ခေါ်သံ အမည်ရှိ အင်တာနက်သတင်းစာမျက်နှာမှတဆင့် သူ့၏ အတွေးအမြင်ကို ရေးသားဖော်ပြထားသည်။

ထို့အပြင် ဆောင်းပါးရှင် မယ်စုံ၏ ရေးသားချက်တွင်“ ဒီနှစ်သင်္ကြန်မှာလည်း လူထုက တော်လှန်သင်္ကြန်ဆင်နွှဲမှာ ကို ကြိုသိနေတာကြောင့် အချိန်ကိုက် သင်္ကြန်ကိုဗန်းပြ ထွက်လာတာပဲဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ လူရာမဝင်နိုင်တဲ့ စစ်အုပ်စုနဲ့ စစ်အသိုင်းအဝိုင်းဟာ ၎င်းတို့ရဲ့ အုပ်ချုပ်ရေးအရည်အသွေး မရှိမှုကို နည်းပေါင်းစုံနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေရပါတယ်။ သင်္ကြန်ဟာ မြန်မာတနိုင်ငံလုံးမှာ ရိုးရာယဥ်ကျေးမှု အရ အကြီးဆုံးပွဲတော်ဖြစ်ပြီး ဒီပွဲတော်မှာလည်း လူများစွာ နိုင်ငံအနှံ့ပါဝင်လေ့ရှိတဲ့ ပွဲတော်ဖြစ်တဲ့အပြင် ၂၀၂၀ ကတည်းက မကျင်းပနိုင်ခဲ့တဲ့ ဒီပွဲတော်ကို ပြန်ကျင်းပနိုင်ဖို့ ကြိုးစားတာကလည်း စစ်အုပ်စုက သူတို့ထိန်းချုပ်နို င်တယ်ဆိုတာကို ပြသဖို့ တနည်းအားဖြင့် ကြိုးစားတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့ သင်္ကြန်ပွဲဖြစ်အောင် ကြိုးစားမှာပါ။” ဟု ထပ်မံ ထောက်ပြထားသည်။

တဆက်တည်းပင် “လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တော်လှန်ရေးကို ပါဝင်ဆင်နွှဲနေကြတာ နှစ်နှစ်ပြည့်လာသည့်တိုင် စစ်အုပ်စုအပေါ် လူထုရဲ့ ရွံရှာမုန်းတီးမှုနဲ့ အပြောင်းအလဲကို ဆာလောင်တောင်းဆို နေမှုဟာ စစ်ကောင်စီ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးတဲ့ အခင်းအကျင်းနဲ့ ကိုဖြစ်ပွာနေတာပါ။ စစ်ကောင်စီဟာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက မြို့နယ် (၄၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရပေမယ့် လည်း လက်ရှိအချိန်အထိ ခုခံတော်လှန်ဆင်နွှဲ နေကြတဲ့ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအောင်မှာအလဲလဲ အကွဲကွဲ ဖြစ်နေပါတယ်။” ဟုလည်း ရေးသားထားသည်။

နိုင်ငံတကာအမြင်လှအောင် လုပ်နေရသည့် စစ်အုပ်စု

စစ်အုပ်စု၏ ရန်ကုန်မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ယခုနှစ် သင်္ကြန်ဗဟိုမဏ္ဍပ်ကို ပြည်သူ့ရင်ပြင်တွင် တည်ဆောက်ထားပြီး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ ထည့်သွင်းကျင်းပသွားမည်ဟုလည်း အတိအလင်းကြေညာထားပြီးဖြစ်သည်။

ထို့အပြင် ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်ကိုလည်း မြို့တော်ခန်းမအရှေ့တွင် ဆောက်လုပ်ထားရှိပြီး တက္ကသိုလ်အဆင့် အခြေခံပညာအဆင့်၊ မူကြိုကျောင်းအဆင့်၊ ရုံးနှင့် အခြားဌာနများအပါအဝင် အလွတ်တန်းအဆင့်အလိုက် ဖျော်ဖြေတင်ဆက်မှုများ ထည့်သွင်းထားသည်ဟု ဆိုထားသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်နေ Non CDM ဝန်ထမ်း( အမည်နှင့် ဌာန မဖော်ပြလိုသော) သတင်းအရင်း အမြစ်တစ်ဉီးကလည်း “ ကျွန်မတို့ဌာနကလည်း ယိမ်းထွက်ရတယ်ဆိုပေမယ့် မဖြစ်မနေမို့သာ လုပ်နေရတာ ။ လုံခြုံရေးအရလည်း စိုးရိမ်စိတ်တွေရှိသလို ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရသေးတယ်။ နောက်ဆုံး တော့လည်း သင်္ကြန်က ခြောက်ကပ်ကပ်နဲ့ပြီးသွားမှာဘဲလေ။ ငွေနဲ့ လုပ်ပြီးပျော်ရင်တော့ ပျော်လို့ရတဲ့ လူတန်းစားတစ်ရပ်က တော့ရှိတာပေါ့လေ။”ဟု ရင်ဖွင့်သည်။

စစ်အုပ်စု၏ ကွက်ကျားမိုး သင်္ကြန်အား မပါဝင်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများနှင့် တစ်သားတည်း ရပ်တည်ကြောင်း ပြသကြရန် တော်လှန်ရေးအင်အားစုများကလည်းတောင်းဆိုထားကြပြီး၊ တော်လှန်နိဂုန်း ၂၀၂၃ ဟု ကြုံးဝါးမှုများလည်း ရှိနေသည်။

(ဆောင်းပါးရှင် ဝေဟင်စိုးသည် အလွတ်တန်းသတင်းစာဆရာတစ်ဦးဖြစ်ပြီး လွတ်လပ်သည့် သတင်းမီဒီယာများတွင် သတင်းဆောင်းပါးများ ရေးသားတင်ဆက်နေသူဖြစ်သည်။)
#သတင်းဆောင်းပါး #တော်လှန်သင်္ကြန် #Ayeyarwaddy_Times