နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
တာဝေးပစ်ဒုံးအတွက် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားက စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များ ရောက်ရှိနေသည့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ-၁၀(မင်းလှ))ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PRA-မကွေးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ က.ပ.စ-၁၀(မင်းလှ)ကို ယမန်နေ့ ဧပြီလ ၇ ရက်၊ ည ၈ နာရီခွဲခန့်က ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းစက်ရုံ အတွင်းရှိ တာဝေးပစ် ၁၂၂ ဒုံးများနှင့် ယမ်းများသိုလှောင်သည့် အဆောက်အဦးများ မီး လောင်ဆင့်ကဲပေါက်ကွဲကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးနိုင်သည်ဟု PRA-မကွေးမှ စစ်ဦးစီးချုပ် ဟာကြူလီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“တပ်တွင်းထဲအထိကို ဝင်ပြီးတော့ မီတာ ၅၀၀ အကွာကနေ ကျွန်တော်တို့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဆောက်အဦးကို ရှင်းရှင်းလင်းလင်းမြင်ကာမှ ချိန်တွယ်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်တဲ့အတွက် ထိသွားတဲ့ အနေအ ထားကိုလည်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ အပြင်ကနေ ရမ်းသမ်းပြီးတော့ ထိချင်ရာထိဆိုပြီး ကျွန်တော်တို့ ပစ်ခဲ့တာမဟုတ်ဘူး။ သူတို့(စကစ)စက်ရုံရဲ့ အဓိကယန္တရားကို တစ်နည်းတစ်ဖုံ ရပ်တန့် သွားအောင်၊ အခက်အခဲတွေ့ နှောင့်နှေးသွားအောင် ဒီလိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကရင်နီ၊ ကရင်နှင့် မကွေးတိုင်းတို့တွင် အာဏာသိမ်း စစ်ကောင်စီမှ အသုံးပြုနေသော တာဝေးပစ် ၁၂၂ ဒုံးများအပြင် တင့်ကားသုံး အမြှောက်ဗုံးသီးများနှင့် လေယာဉ်ပစ်ဒုံးများကိုလည်း က.ပ.စ-၁၀(မင်းလှ)က အဓိ ကထုတ်လုပ်နေပြီး ပိုမိုထိရောက်မည့် တာဝေးပစ်ဒုံးများ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာရှင် ၃ ဦး ဦးဆောင်သော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင် ၂၀ ဦးဝန်း ကျင်အဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့(စကစ)က ဒီမှာထုတ်နေတဲ့ လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တာဝေးကို ပိုပြေးတော့မှ ပြေးဖို့အတွက်ပေါ့နော်။ နောက်ပြီးတော့ ထိရောက်မှုရှိဖို့အတွက်ပေါ့နော်။ လိုအပ်တဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး တော့မှ ပံ့ပိုးကူညီဖို့ ခေါ်ထားတာလို့ သိရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း သူတို့ထုတ်လုပ်ထားတဲ့ ဒုံးတွေနဲ့ ပတ်သက်ပြီးတော့မှ စမ်းသပ်တာတွေ၊ ကီလိုမီတာ ၆၀ အကွာအဝေးကနေ ထိထိရောက်ရောက် ပစ်နိုင် တယ်ဆိုတဲ့ စကစဘက်က အသံတွေ ကြားရပါတယ်” ဟု စစ်ဦးစီးချုပ် ဟာကြူလီက ဆိုသည်။
လက်ရှိတွင် အမှတ်(၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရန်ပြုပတ်ရမ်းနေပြီး ကုန်းကြီးရွာသား အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးသွားသည်အချက်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကိုမူ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ထိုပစ်ခတ်တိုက်ခိုက်မှုကို မဟာမိတ်တော်လှန်ရေး ညီနောင်များဖြစ်သော People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (SMPDF)နှင့် အရှိုချင်း ကာကွယ်ရေးတပ် (ACDF) နှင့် Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်၊ နံနက်အစောပိုင်းကလည်း ငဖဲမြို့နယ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ရှော့တိုက်ဒုံး၊ RPG တို့ဖြင့် PRA-မကွေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#စစ်ကောင်စီတပ် #ကပစစက်ရုံ #တိုက်ခိုက်ခံရ #PRA #Ayeyarwaddy_Times