ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဧပြီလ ၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာအနီးရှိ ကာကွယ်ရေးစခန်းတစ်ခုအား မတ်လ ၆ ရက် ညနေ ၃ နာရီဝန်းကျင်တွင် Mi-35 ရဟတ်ယာဉ် ဖြင့် ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။

ညောင်ရွာကျေးရွာအနီးရှိ အလင်းတန်းပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းအား Mi-35 ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ Mi-17 ၂ စီးဖြင့်ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး စခန်းခွဲတစ်ခုရှိ ယာဉ် ၂စီးအား မီးရှို့ဖျက်ဆီးကာ ငွေကျပ်သိန်း ၁၀၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“ရွာကအဖွဲ့ခွဲတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ အင်အား ၇၀ ကျော်နဲ့ဝင်ရောက်စီးနင်းတာ။ ကာကွယ်ရေးတပ်ဖွဲ့ထဲက ရဲဘော်တစ်ယောက်လဲပျောက်နေတယ်။ အခုစစ်ကြောင်းကိုကြိုဖို့ ကင်းပုန်းတွေလဲချထားတယ်။” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခုအခါတွင် Mi-17 ရဟတ်ယာဉ် ၂ စီးမှချသွားသည့် စစ်ကောင်စီစစ်ကြောင်းမှာ မြိုင်မြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေပြီး မင်းကန်၊ ကံယာကောင်း၊ မြို့တင်၊ အရှေ့အိုင်းမ၊ အနောက်အိုင်းမ စသည့်ကျေးရွာများမှ ဒေသခံ ၁၇၀၀ ကျော်မှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ထို့အပြင် မြိုင်(ပကဖ)သည် စစ်ကောင်စီအား အရှိန်အဟုန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည့် အတွက် ဧပြီလ ၇ ရက်နေ့မှစတင်ပြီး ၃၀ ရက်နေ့အထိ မြိုင်-ကမ္မလမ်းအား ဒေသခံများမှ ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း သတိပေးထားပါသည်။
#မြိုင် #ရဟတ်ယာဉ် #အလင်းတန်းပြောက်ကျား #Ayeyarwaddy_Times