ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဧပြီလ ၈ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့်ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀ ရက်ကျော်ကြာချိန်တွေ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၃၀၀၀ ကျော်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီ-မောတောင်လမ်းပိုင်း မောတောင်နယ်စပ်ကုန်သွယ်ရေးပိုင်းသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ရာမှ စတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအခါတွင် ထုံခါ-မောတောင်လမ်းပိုင်းနှင့် ဘန်းလမွတ်ရွာ၊ လယ်တောင်ယာ၊ တမုတ်ချူံးလမ်းပိုင်းတို့တွင် ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“ပထမတော့အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့စစ်ကြောင်းထိုးတာပါ။ နောက်တော့မြိတ်မြို့ဖက်ကစစ်ကူတွေထပ်ရောက်လာတာကို မိုင်းဆွဲတိုက်ခိုက်တော့ တိုက်ပွဲတွေဆက်ဖြစ်သွားတယ်။အခုလ ပထမပတ်မှာတိုက်ပွဲက ပိုပြင်းထန်လာတယ်။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှုအပါအဝင် ထိတွေ့တိုက်ပွဲ အကြိမ် ၂၀ ဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှတပ်သား ၂၀ ဦးနှင့်အထက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခမရ ၄၃၁ တပ်ရင်း၊ ခလရ ၁၇ တပ်ရင်း၊ ခလရ ၁၀၁ တပ်ရင်း၊ခမရ ၅၅၇ တပ်ရင်း များမှအင်အားဖြည့်တိုက်ခိုက်ခဲ့ပြီး ခမရ ၅၆၁ တပ်ရင်းနှင့် အမတ ၃၀၆ တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း‌ပစ်ခတ်နေကြောင်းလည်း သိရသည်။

“အခုဆို တနင်္သာရီမြို့နယ်ကိုဖြတ်ဖို့အတော်လေးစိုးရိမ်နေကြပြီ။ မြိတ်မြို့နယ်၊ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းမြို့နယ်တွေကို အလွယ်တကူဖြတ်လို့ရပေမဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ တနင်္သာရီမြို့နယ်ဘက်ကို အခုဖြတ်လို့မရတော့ဘူး။” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်မှ ဆက်လက်ပြောသည်။

ထိတွေ့တိုက်ပွဲများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ သိန်ခွန်းရွာ၊ သဲဖြူရွာ၊ ကြိမ်ချောင်းရွာ၊ ရေဖြူရွာစသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်မှာ စစ်ဘေးရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

၁၀ ရက်ကျော်ကြာတိုက်ပွဲအတွင်း KNU တပ်ရင်း (၁၁)၊ KTLA၊ တနင်္သာရီ(ပကဖ)၊ PDFပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်၍ တိုက်ပွဲဖော်ဆောင်နေကြကြောင်းလည်း သိရသည်။

#တနင်္သာရီ #တိုက်ပွဲ #စစ်ဘေးရှောင် #Ayeyarwaddy_Times