ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ယုံကြည်မှု ဆက်လက်တည်ဆောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက ယုံကြည်မှုတည်ဆောက်တဲ့ ကြိုးပမ်းမှုတွေ လုပ်ဆောင်မှာဖြစ်သလို ပဋိပက္ခမှာပါ ဝင်တဲ့ အဖွဲ့အစည်းအားလုံးကြား သဘောထားကွဲလွဲမှုတွေကို ဖယ်ရှားတဲ့ ပေါင်းကူးတံတားတစ်စင်းအဖြစ်လည်း ဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မာဆူဒီက ပြောပါ တယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ကစဉ့်ကလျားအခြေအနေ ဖြစ်နေခဲ့တာပါ။
အတိုက်အခံတွေအပေါ် ဖိနှိပ်ဖြိုခွင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂက စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေနဲ့ စစ်ရှောင်စခန်းတွေအပေါ် ဗုံးကြဲမှုတွေ အရှိန်မြှင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ရဲ့ မတ်လ ၉ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြည်သူ ၁ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သား ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အထောက်အကူပြုသော အခြေအနေတွေဖန်တီးဖို့၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ ကြိုးပမ်းမှုတွေကို အင်ဒိုနီးရှား နိုင်ငံက ပံ့ပိုးကူညီမယ်လို့ မာဆူဒီက ဆိုပါတယ်။
အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တဲ့ ၃ လအတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေနဲ့ ထိ တွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre) က လူမျိုး၊ ဘာသာနဲ့ နိုင်ငံရေး ခံယူချက် မခွဲခြားဘဲ မြန်မာပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်” လို့ မာဆူဒီက ပြောပါတယ်။
ကိုးကား – Antara News
Ref; Building trust important in Myanmar to support peace: Marsudi