နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်

မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ကန့်ကွက်ပယ်ချခဲ့ပြီး ၎င်းတို့ကို တော်လှန်နေသူများအား နိုင်ငံအချို့က ခိုလှုံခွင့်ပြုထားခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ယမန်နေ့ ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို လူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက်တွင် အတည် ပြုခဲ့သည့်အပေါ် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ပယ်ချခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် တစ်ကမ္ဘာလုံးကို လှည့်ပတ်လိမ်နေပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် အဖွဲ့အစည်းဖြစ်ကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ သာမက မည်သည့်လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဆိုပြုချက်ကိုမဆို လက်ခံစဉ်းစား မည်သူမဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောကြားသည်။

“သူတို့(စကစ)ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပြီးတော့ ပြည်သူလူထုက အကြမ်းဖက်နေပါတယ်ဆိုတဲ့ လေသံမျိုး အော်နေတာပါ။ ဒီလိုမျိုး လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်ကို မလိုက်နာတာ၊ လက်မခံတာ၊ ပယ်ချတာဟာ အဆန်း မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေမှာ လူ့အခွင့်အရေးဆိုတာကို အသိအမှတ်ပြုတဲ့ သဘောမျိုးမရှိပါဘူး” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရာတွင်လည်း စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မရှိစေရန် တားမြစ် ခဲ့သည်။ ထိုသို့တားမြစ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆွေးနွေးရေး မူများကို ဆန့်ကျင်သည့်အတွက် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ကန့်ကွက် ခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် CRPH၊ NUG၊ PDF စသည့်အဖွဲ့များ၏ လုပ်ဆောင်ချက်များကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့ပြီး ယခုနှစ် မတ်လ ၃၁ ရက်အထိ ကလေး ၁၆၂ ဦး၊ ဆရာ၊ဆရာမ ၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးနှင့် အုပ်ချုပ်ရေးမှူး ၇၇၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၄၇၅ ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည့် သတ်ဖြတ်မှုများနှင့်အကြမ်းဖက်မှုများကို သိသာစွာ လျှော့ပေါ့ ဖော်ပြထားသဖြင့် စိတ်ပျက်ရသည်ဟု စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားသည်။

“အဲဒီဆုံးဖြတ်ချက်တွေကို ပယ်ချတာဟာ စစ်ကောင်စီရဲ့ သဘာဝကျတဲ့ လုပ်ငန်း တစ်ခုဖြစ်သလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကိုလည်း တားဆီးနိုင်တဲ့ ယန္တရားတွေ၊ ဆောင်ရွက်မှုတွေ လူ့ အခွင့်အရေးကောင်စီမှာ မရှိဘူးလို့ပဲ ကျွန်တော်က သုံးသပ် လိုပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူသည် လူ့အခွင့်အရေး ကိစ္စများထက် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ အရေး အပေါ် အာရုံစိုက်လျက်ရှိသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်သည့် စာတမ်းများ ထုတ်ပြန်နေခြင်းမှာလည်း ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ် ကောင်စီက ဆိုသည်။

#ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ #ဆုံးဖြတ်ချက် #စစ်ကောင်စီ #ကန့်ကွက်ပယ်ချ #Ayeyarwaddy_Times