မနိုင်း/ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်
အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံရှိ အရေအတွက် သန်းနှင့်ချီသော အသက် ၁၂ နှစ်အောက် အခြေခံပညာ ကျောင်းသားကျောင်းသူ ကလေးငယ်များကို ဆရာဝန်အများစုမထောက်ခံသည့် မြန်မာနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်ကိုဖန် – Myancopharm ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြန်ကိုဖန် – Myancopharm ဆေးမှာ စစ်ကောင်စီ၏ညွန်ကြားချက်အရ တရုတ်ကာကွယ်ဆေးကုမ္ပဏီဖြစ်သည့် Sinopharm နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆေးဝါးစက်ရုံ (အင်းစိန်) BPI က ၂၀၂၂ ခုနှစ်တွင် စတင် ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။
ယင်းဆေးနှင့်ပတ်သတ်၍ စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက တိကျသည့်သတင်း အချက်အလက်နှင့် သုတေသနဆိုင်ရာအချက်အလက်များ ဖြန့်ဝေမှု၊ ပြည်သူလူထုကို အသိပေးမှု အားနည်းခဲ့သည်ဟု ဆရာဝန်အများအပြားက ပြောသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် မြန်ကိုဖန် ဆေးအကြောင်း မသိရသဖြင့် ယင်းဆေးထိုးနှံရန် ထောက်ခံချက်မပေးကြောင်း ပြောဆိုကြသည်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးငယ်များကို မြန်ကိုဖန်ဆေး ထိုးနှံပေးခဲ့သည်။ သို့သော် ဆေးထိုးနှံခဲ့သော မြန်မာကလေးငယ် ကျောင်းသား၊ ကျောင်းသူ အရေအတွက်ကို စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားသည်ကို မတွေ့ရပေ။
စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအဆိုအရ ၃ လတာအတွင်း အရေအတွက် ၁ သန်းထက်မနည်း ပမာဏရှိသော ကလေးငယ်များကို မြန်ကိုဖန်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တစ်ခုတည်းမှာပင် အခြေခံပညာဌာနလက်အောက်ရှိ ကျောင်းများအားလုံး၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂ သိန်း ၃ သောင်းကျော်ကို မြန်ကိုဖန်ကိုဗစ်ဆေး ထိုးပေးခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး၏စာရင်းအရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မည်သည့်နိုင်ငံကမျှ အသိအမှတ်မပြုသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထုတ်လုပ်ပြီး ပညာသင်ကြားနေသည့် သန်းနှင့်ချီသော မြန်မာကလေးငယ်များနှင့် မြန်မာနိုင်ငံသားများအား ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
“အခုလိုမျိုးမြန်မာနိုင်ငံက ထုတ်တဲ့ဆေးကို စစ်တမ်းတွေ၊ သုတေသနတွေ သေချာမရှိဘဲနဲ့ တန်းထိုးပေးတဲ့အတွက် ကလေးတွေမှာတစ်စုံတစ်ခုဖြစ်လာရင် နစ်နာမယ်။ ဘေးထွက်ဆိုးကျိုး ရှိ၊မရှိကို စောင့်ကြည့်တဲ့အနေအထားမရှိဘဲနဲ့ ထိုးပေးတာက ကလေးတွေကို ဓာတ်ခွဲခန်းက တိရစ္ဆာန် ကြွက်ကလေးတွေ၊ ပူးကလေးတွေလို သဘောထားတာဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ အထွေထွေရောဂါကု CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် မြန်ကိုဖန် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၄ ဒဿမ ၂ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ ဆေးအလုံးပေါင်း ၃ သန်းကျော် ဖြန့်ဖြူးပေးထားကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။
မြန်ကိုဖန်ဆေး၏ အာနိသင်နှင့် အကျိုးသက်ရောက်မှုကို စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးသုတေသနဌာနနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းတို့ ပူးပေါင်း စမ်းသပ်ဆောင်ရွက်ခဲ့သည်ဟု မြန်မာ့ဆေးဝါးလုပ်ငန်းက ဆိုထားသည်။
“ကျွန်တော်တို့ဆီကထုတ်တဲ့ မြန်ကိုဖန် ကိုဗစ်ရောဂါကာကွယ်ဆေးဟာဆိုရင် လူနာတွေမှာလည်း လက်တွေ့ စမ်းသပ်ထားပြီးသား ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင် ထက်မြက်တယ်လို့ ပြောချင်ပါတယ်”ဟု ဒေါက်တာအောင်ဇော်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက စစ်ကောင်စီ၏မီဒီယာ MRTV ၌ ဖြေကြားခဲ့သည်။
စစ်ကောင်စီလက်အောက်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်းက မြန်ကိုဖန်ဆေးမှာ ကောင်းမွန်စိတ်ချရသည်ဟု ပြောဆိုသော်လည်း မြန်မာနိုင်ငံသားအများအပြားနှင့် ဆေးဝါးကျွမ်းကျင်သူ ဆရာဝန်အများစုက အယုံအကြည် မရှိကြပေ။
“ကျနော်တို့ကို မြန်ကိုဖန်ဆေး ထိုးမလားဆိုပြီး ရာအိမ်မှူးက လာမေးတယ်။ ကျွန်တော်တို့ကလည်း အဲ့ဆေး ကောင်းသလား၊ ဆိုးသလား ဘာမှမသိရဘူး။ နီးစပ်ရာ အသိဆရာဝန်ကို မေးကြည့်တော့ သူက အဲ့ဆေးထိုးဖို့ ထောက်ခံချက် မပေးဘူး။ အဲတော့ ကျွန်တော်တို့လည်း မထိုးဘူးကွာဆိုပြီး အပြင်မှာပဲ ကိုဗစ်ရှီး (အိန္ဒိယကိုဗစ်ကာကွယ်ဆေး) ကို ပိုက်ဆံပေး ထိုးလိုက်တယ်”ဟု ပုစွန်တောင်မြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
စစ်ကောင်စီက အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ်ကစတင်၍ တရုတ်နိုင်ငံထုတ် စီနိုဖန် – Sinopharm ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ မြန်မာနိုင်ငံထုတ် မြန်ကိုဖန် – Myancopharm ဆေးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ကျောင်းများ၌ ထိုးနှံခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ကျောင်းများပိတ်ထားသဖြင့် ကာကွယ်ဆေးထိုးခြင်းအား ရပ်တန့်ထားသည်။
“ဆေးထိုးဝာကတော့ အရောပဲ၊ တရုတ်ဆေးရော၊ မြန်မာကဆေးရော ပါတယ်။ တတိယအကြိမ်(Third Dose) ကစပြီး မြန်မာက ဆေးပါလာတယ်။ ကာကွယ်ဆေးတွေ ထိုးတာကတော့ ၁၂ အောက်ရော ၁၂ နှစ်အထက် ကလေးအကုန်လုံးကို ထိုးပြီးပြီပြောတယ်။ First Dose (ပထမအကြိမ်)၊ Second Dose (ဒုတိယအကြိမ်) မှာ Sinopharm (တရုတ်ဆေး) ထိုးတယ်။ Third Dose (တတိယအကြိမ်) ကစပြီး BPI ကထုတ်တဲ့ Myancopharm ဆိုတဲ့ ဆေးကိုစထိုးတယ်။ ကျောင်းတွေအကုန် ထိုးပြီးပြီ”ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် များအား ကာကွယ်ဆေး ထိုးပေးရာတွင် ဆေးနာမည်နှင့် ကာကွယ်ဆေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းမရှိသလို ပညာရေးဝန်းထမ်းအများစုသည်ပင် မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် မြန်ကိုဖန် – Myancopharm ဆေး ထိုးနှံပေးနေခြင်းဖြစ်ကြောင်း မသိကြချေ။
“ကျောင်းမှာ ဘာဆေးကိုထိုးပေးတယ်ဆိုတာလည်း မသိရဘူး။ ဆေးအကြောင်းလဲ မရှင်းပြဘူး။ အကျိုးသက်ရောက်တာလဲ ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးထိုးပြီးတော့ ကလေးတွေ ဘာမှမဖြစ်ကြဘူး။ နေမကောင်းတာလိုမျိုး မဖြစ်ဘူး။ ကျွန်မတို့ကိုလည်း ထိုးဖို့ပြောတယ်။ မယုံကြည့်မထိုးခဲ့ဘူး”ဟု အမည်မဖော်လိုသည့် မွန်ပြည်နယ်၊ သထုံမြို့မှ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရာတွင် အုပ်ထိန်းသူများ၏ ခွင့်ပြုချက် လက်မှတ်လိုအပ်ပြီး မိဘအုပ်ထိမ်းသူများခွင့်ပြုမှသာ ကာကွယ်ဆေးထိုးပေးရမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းအများစု၌ ထိုကဲ့သို့ ခွင့်ပြုချက်တောင်းခံခြင်းမရှိကြောင်း သိရသည်။
“ဒီမှာတော့ ခွင့်ပြုချက်တောင်းတဲ့ကျောင်းက တောင်းတယ်။ မတောင်းတဲ့ကျောင်းက မတောင်းဘူး”ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောသည်။
မွန်ပြည်နယ်၌ မြန်ကိုဖန် ဆေးထိုးထားခဲ့သည့် ကျောင်းသားကျောင်းသူ ၂ သိန်း ၃ သောင်းကျော်အနက် မော်လမြိုင်မြို့မှ ကလေူအရေအတွက် ၃ သောင်းကျော်ဖြင့် ဆေးထိုးနှံသူအများဆုံးဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းများအရ သိရသည်။
“ကမ္ဘာ့အကောင်းဆုံးလို့ ပြောလို့ရတဲ့ကာကွယ်ဆေးတွေမှာတောင် တစ်ထောင်မှာတစ်ယောက်၊ တစ်သောင်းမှာတစ်ယောက်၊ တစ်သိန်းမှာတစ်ယောက် ဆေးဓာတ်မတည့်တာမျိုးတွေရှိတယ်။ အဲ့ဒီအတွက် ဆေးထိုးပြီးရင် စောင့်ကြည့်ပြီး အရေးပေါ်အသက်ကယ်ဖို့အတွက် အဆင်သင့်ပြင်ထားတဲ့နေရာတွေရှိတယ်။ မြန်မာနိုင်ငံမှာ အခုအခြေအနေနဲ့ကအဲ့ဒီလို လုပ်ဆောင်ပေးနေတာတွေမရှိဘူး”ဟု အထွေထွေရောဂါကု CDM ဆရာဝန်က ပြောသည်။
စစ်ကောင်စီက မြန်ကိုဖန်ဆေးအား ပုဂ္ဂလိကကျောင်းများအပါအဝင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများ၌ ထိုးနှံပေးခဲ့သလို ဧရာ၀တီတိုင်းရှိ အထည်ချုပ်လုပ်ငန်းများနှင့် ရပ်ကွက် ကျေးရွာများရှိ ပြည်သူများကို ကွင်းဆင်း၍လိုက်လံထိုးနှံပေးနေကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလစာရင်းအရ ပုသိမ်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက် လူပေါင်း ၃ သောင်း ၄ ထောင်ကျော်ကို မြန်ကိုဖန်ဆေး ထိုးနှံပေးခဲ့ကြောင်း ပုသိမ်မြို့နယ် ကျန်းမာရေးဌာန စာရင်းအရ သိရသည်။
“ပုသိမ်မှာလည်း မြန်ကိုဖန်ဆေးထိုးတာ ရှိတယ်။ ကျွန်မတော့ သွားမထိုးဘူး။ စကစ (စစ်ကောင်စီ) ကို မယုံလို့။ သူ့ဟာက ဘာဆေးမှန်းလဲ မသိဘူး။ မြန်မာပြည်မှာထုတ်တာဆိုတော့ ပိုတောင် မယုံဘူး”ဟု ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးနှင့်ပတ်သတ်ပြီး CDM ဆရာဝန်က”ကျွန်တော့မှာသာ သားသမီးရှိခဲ့ရင် ကျွန်တော့် သားသမီးကို ဒီလိုစိတ်မချရတဲ့ဆေးမျိုးကို အသားထဲကို ပေးထည့်နိုင်ဘူး။ ဆေးကထိုးပြီးသွားရင် ပြန်ထုတ်လို့ မရဘူး။ မိဘတစ်ယောက်အနေနဲ့ သားသမီးဘေးဥပါဒ်ဖြစ်မှာကို စိတ်ပူတယ်။ ထိုးရမယ်ဆိုရင်လည်း ကမ္ဘာက ခွင့်ပြုထားတဲ့ဆေးတွေကိုပဲ ရှာဖွေထိုးပေးဖို့ စဉ်းစားပါမယ် “ဟု ပြောသည်။
(ယနေ့ကျရောက်သည့် ဧပြီလ ၇ ရက်နေ့သည် ကမ္ဘာ့ကျန်းမာရေးနေ့ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် ပတ်သတ်သော ကျန်းမာရေးဆိုင်ရာသတင်းဆောင်းပါးကို ဧရာဝတီတိုင်းမ်သတင်းဌာနမှ တင်ဆက်ပေးခြင်း ဖြစ်ပါသည်။)
ဓာတ်ပုံ – MRTV
#ကလေးသူငယ် #Myancopharm #မြန်မာကိုဗစ်ကာကွယ်ဆေး #မြန်ကိုဖန် #Ayeyarwaddy_Times