ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်

စစ်အာဏာသိမ်းပြီး ၂ ကျော်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာစျေး ၂ ဆကျော် မြင့်တက်နေမှုကြောင့် ပြည်ပမှ တင်သွင်းနေရသည့် ဆေးဝါးများအားလုံးမှာ စျေးနှုန်းများ ၂ ဆ ကျော်မြင့်တက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးဝါးများထဲတွင် မြန်မာနိုင်ငံရှိ ကင်ဆာရောဂါသည် ၇ သောင်းကျော် အသုံးပြုနေရသည့် ကင်ဆာရောဂါကုဆေးဝါးများလည်း ပါဝင်နေသည်။

၂၀၂၀ ခုနှစ်တွင် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(WHO)မှ ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ခံစားနေရသူ ၇၄၀၀၀ ကျော်အထိ ရှိနေသည်ဟုဆိုသည်။

အဆိုပါ ကင်ဆာရောဂါကု ဆေးဝါးများမှာ သက်ဆိုင်ရာ ဆရာဝန်၏ ထောက်ခံချက်လက်မှတ်ဖြင့်သာ မှာယူတင်သွင်းခွင့်ရှိပြီး ယခင်က ကျပ် ၁ သိန်းမှ ၃ သိန်း ဝန်းကျင်အထိ ပေါက်စျေးရှိသည့် သွင်းဆေးတစ်လုံးလျှင် ကျပ် ၃ သိန်းမှ ၅ သိန်းကျော်အထိမြင့်တက်နေကြောင်း သောက်ဆေးမှာလည်း ယခင်က ကျပ် ၃ သောင်းခွဲဝန်းကျင်တန် သောက်ဆေးတစ်ကဒ်လျှင် လက်ရှိတွင် ကျပ် ၈ သောင်းဝန်းကျင်အထိရှိနေကြောင်း ရန်ကုန်မြို့ခံ ကင်ဆာရောဂါကုဆေးဝါးရောင်းချသူတစ်ဦးက ပြောသည်။

“အရင်ကလို လိုသလောက်လည်းမရဘူး။ လိုတယ်ဆိုမှ မှာပေးရတာ။ ဆေးတွေက အရမ်းစျေးကြီးတော့ ကြိုပြီးလည်း ဝယ်သိမ်းထားလို့ရတာမဟုတ်ဘူး။ တချို့ဆေးတွေက ထိန်းသိမ်းရတာအစ ခက်တယ်။ နေရောင်ခြည်ထိလို့မရတဲ့ ရေခဲသေတ္တာထဲ ထည့်ထားရတာမျိုး​တွေအထိ ရှိတယ်”ဟု ရန်ကုန်မြို့ခံ ကင်ဆာဆေးဝါးရောင်းချနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို​ ပြောသည်။

ကင်ဆာရောဂါပြင်းထန်မှုအခြေအနေအပေါ်မူတည်၍ ကင်ဆာရောဂါကု ဆရာဝန်များက အဆင့်များ သတ်မှတ်ပေးထားကြောင်း စတင်ဖြစ်ပွားသည့်အဆင့်အား အဆင့်(၁)ကို ခွဲစိတ်ကုသခြင်း သောက်ဆေးဖြင့်သာ ကုသခြင်းများလုပ်ဆောင်ကြောင်း အဆင့်(၃) မှ စ၍ ပြင်းထန်သည့်အဆင့်ဟုသတ်မှတ်ကာ ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းများလုပ်ဆောင်ကြောင်း CDM ဆရာဝန်တစ်ဦးက ပြောသည်။

ထို့အပြင် ကင်ဆာရောဂါသည်များအနေဖြင့် ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုခြင်း၊ ဓာတ်ရောင်ခြည်​ဖြင့် ကုသခြင်းများ လုပ်ဆောင်ရာတွင်လည်း စစ်ကောင်စီလက်အောက်ခံ အစိုးရဆေးရုံများထက် ပုဂ္ဂလိကဆေးရုံများတွင်သာ တက်ရောက်ကုသသူ များပြားကြောင်း ကင်ဆာရောဂါသည်အချို့၏ မိသားစုဝင်များက ပြောသည်။

“ရန်ကုန်ဆေးရုံမှာလည်း ကင်ဆာဌာနရှိတာပဲ။ အဲ့မှာကြလူများတယ်။ တန်းစီပြီးစောင့်ရတာမျိုးတွေလည်းရှိတယ်။ ကိုယ့်လူနာက ပင်ပန်းတာပေါ့။ ဆေးသွင်းတဲ့ဒဏ် ဓာတ်ကင်တဲ့ ဒဏ်တွေလည်း ခံရ။ လူပေါင်းစုံဝင်ထွက်နေတဲ့ ဆေးရုံမှာ တန်းစီစောင့်ရတာနဲ့ကြ အပြင်ဆေးရုံမှာပဲ ငွေကုန်ခံလိုက်ရတာက ပိုသက်သာတယ်” ဟု ရန်ကုန်မြို့တွင် ကင်ဆာရောဂါကုသမှုခံယူသူ၏ ပုသိမ်မြို့ခံ လူနာစောင့်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်ဆေးရုံကြီးရှိ ကင်ဆာဌာနမှာ အာဏာမသိမ်းမှီကာလ အရပ်သားအစိုးရလက်ထက်၌ ကင်ဆာရောဂါဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင်ကုသခြင်းများကို ဆေးနှုန်းသက်သာစွာဖြင့် ကုသပေးခဲ့သော်လည်း အာဏာသိမ်းနောက်ပိုင်းတွင်မူ ယခင်ကဲ့သို့ ကုသပေးနိုင်ခြင်းမရှိတော့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ကင်ဆာရောဂါအား နိုင်နင်းစွာကုသမှုပေးနိုင်သည့် ဆေးရုံများမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးရှိ ပြည်သူ့ဆေးရုံကြီးများအပါအဝင် ပုဂ္ဂိလကဆေးရုံ ၁၀ ခုခန့်သာရှိနေသည်ဟု CDM ဆရာဝန်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ပုဂ္ဂလိကဆေးရုံများတွင် တက်ရောက်ကုသရာတွင်လည်း ဆေးရုံဝန်ဆောင်ခစာရိတ်၊ အခန်းခ၊ သွားလာစာရိတ်များ ၃ ရက်ကြာ ဆေးရုံစာရိတ် ကျပ် ၅ သိန်းမှ ၇ သိန်းဝန်းကျင်အထိ ကုန်ကျနေကြောင်း ပုသိမ်မြို့ခံ လူနာစောင့်တစ်ဦးက ပြောသည်။

“အခန်းခက ၅ သောင်း။ ဆေးဖိုးက ၄ သိန်း။ ဆေးသွင်းတာ ၃ ရက်ကြာတော့ စားစာရိတ်၊ ခရီးစာရိတ်နဲ့ ၇ သိန်း လောက်ကုန်တယ်။ နယ်ဝေးက လာရင် ၁၀ သိန်း ပတ်ချာလည်လောက်ရှိမယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကင်ဆာရောဂါကုဆေးဝါးများ စျေးမြင့်တက်ခြင်း၊ ပုဂ္ဂလိကဆေးရုံးများတွင် တက်ရောက်ကုသနိုင်မှုမရှိခြင်းတို့ကြောင့် ကင်ဆာရောဂါကုဆေးမသွင်းနိုင်သည့် ရောဂါသည်အချို့လည်းရှိနေသည်။

“အဖေက လည်ချောင်းကင်ဆာဖြစ်နေတာ ၁ နှစ်ကျော်ပြီ။ အရင်ကတော့ ဆေးခန်းပြ ဆေးကုနိုင်သေးတာပေါ့ဗျာ။ ခုတော့ ဆေးကုဖို့တောင် တတ်နိုင်သလောက်နဲ့တောင် ဆေးမကုနိုင်တော့တဲ့အခြေအနေမျိုးပေါ့ဗျာ”ဟု ပုသိမ်မြို့ခံ ကင်ဆာရောဂါသည်တစ်ဦးက မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကင်ဆာရောဂါအား ထိရောက်စွာကုသနိုင်သည့်အဆင့်တွင် မကုသပါက ကင်ဆာရောဂါသည်များအနေဖြင့် သက်တမ်းတိုလာနိုင်ကြောင်း ကင်ဆာရောဂါ​ကြောင့် သေဆုံးမှုများပြားလာနိုင်ကြောင်း CDM ဆရာဝန်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။

“ဆေးသွင်းရမယ့်အချိန် ဆေးမသွင်းတော့ ရောဂါအခြေအနေပိုဆိုးပြီး လူနာအတွက် သက်တမ်းတိုလာပါတယ်။ ထမင်စားဖို့တောင်ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ ကင်ဆာရောဂါခံစားရရင် ဘဝပျက်တယ်လို့တောင် ပြောလို့ရတယ်”ဟု CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၂၀ ခုနှစ်တွင် WHO မှ ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါကြောင့် သေဆုံးသူ ၅သောင်းကျော်အထိရှိနေပြီး အများစုမှာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာနှင့် အခြားသော ကင်ဆာရောဂါများကြောင့်ဖြစ်ကြောင်း သိရသည်။

(ယနေ့ကျရောက်သည့် ဧပြီလ ၇ ရက်နေ့သည် ကမ္ဘာ့ကျန်းမာရေးနေ့ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် ပတ်သတ်သော ကျန်းမာရေးဆိုင်ရာသတင်းကို ဧရာဝတီတိုင်းမ်သတင်းဌာနမှ တင်ဆက်ပေးခြင်း ဖြစ်ပါသည်။)

#ကင်ဆာ #ဆေးဝါး #ဆေးတက် #ဆေးသွင်း
#Ayeyarwaddy_Times