ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်
မန္တလေးမြို့တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် လမ်းလျှောက်သင်္ကြန် ဖြစ်မြောက် စည်ကားရေး အတွက် non-CDM ဝန်ထမ်းများနှင့် မဏ္ဍပ် ကန်ထရိုက်များကို စစ်ကောင်စီက ဖိအားပေးနေကြောင်း မန္တလေးမြို့ခံများ ထံက သိရသည်။
အဆိုပါ non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များက အလှည့်ကျစနစ်ဖြင့် သင်္ကြန်မဏ္ဍပ် ထိုင်ပေးရမည် ဖြစ်ပြီး ပျက်ကွက်ခဲ့လျှင် အရေးယူခံရမှာ ဖြစ်သလို ဒဏ်ငွေလည်း အရိုက်ခံမှာဖြစ်သည်ဟု non-CDM ဝန်ထမ်း တစ်ဦးက ပြောပြသည်။
မန္တလေးမြို့ ကျုံးအရှေ့ဘက်၊ တောင်ဘက်ခြမ်းနှင့် ဈေးချိုးဈေးရှေ့များတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ထားသည့် အပြင် အခြားနေရာများတွင်လည်း မဏ္ဍပ်များ မဖြစ်မနေ ထပ်မံဆောက်လုပ်ရန် စစ်ကောင်စီက မဏ္ဍပ် ကန်ထရိုက်များကို ဆက်တိုက်ဖိအားပေး ညွန်ကြားနေကြောင်း မန္တလေးမြို့ခံများကလည်း ပြောသည်။
မန္တလေးမြို့ခံ အမျိုးသား တစ်ဦးကလည်း“သင်္ကြန်မဏ္ဍပ်တွေတော့ ဆက်တိုက်ဆိုသလို ဆောက်နေကြတယ်။ အဓိကတော့ မန္တလေးမြို့ သင်္ကြန်မှာ လူစည်ကြောင်း စစ်တပ်ကပြချင်တာ။ ဝန်ထမ်းတွေနဲ့ သူဌေး ကန်ထရိုက်တွေလည်း အတော် ပင်ပန်းနေပြီလို့ ပြောတယ်။ ပြည်သူကတော့ ထွက်မှာမဟုတ်ဘူး သူတို့လူလောက်ပဲ ထွက်ကြလိမ့်မယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
လက်ရှိမှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ထားသည့် နေရာများမှ ဝင်ပေါက်ထွက်များကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေး အပြည့်ဖြင့် ကင်းပုန်းများ ချထားသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း သင်္ကြန်မဏ္ဍပ် ဆောက်ရန်အတွက် ဆိုကာ မဟာအောင်မြေ ကျောက်ဝိုင်းက ဆိုင်ခန်းများကို မလှူမနေရဆိုပြီး ကျောက်ဝိုင်း ဥက္ကဋ္ဌ က အဓမ္မ လိုက်လံ အလှူခံခဲ့ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင်လည်း လမ်းလျှောက်သင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားရေး ပြင်ဆင်မှုများ ပြုလုပ်နေပြီး တော်လှန်ရေး အင်အားစုများ ဘက်ကလည်း စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်မဏ္ဍပ်များတွင် ပြည်သူများ ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ရန် တိုက်တွန်းမှုများလည်း ရှိနေသည်။
#မန္တလေးမြို့ #လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေးအတွက် #NonCDMဝန်ထမ်းများနဲ့ #မဏ္ဍပ်ကန်ထရိုက်အချို့ကို #စစ်ကောင်စီကဆက်တိုက်ဖိအားပေး
#Ayeyarwaddy_Times