ဧရာဝတီတိုင်းမ်
ဧပြီလ ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင် အတွင်းက သာပေါင်းနဲ့ ငပုတောမြို့နယ်များရှိ ကျေးရွာတစ်ချို့တွင် ဧပြီလ ပထမပါတ်အတွင်း တောဆင်ရိုင်းများ၀င်ရောက်လာပြီး နေအိမ်နဲ့စိုက်ခင်းများကို၀င်ရောက်ဖျက်ဆီးမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဆင် ၂၅ ကောင်လောက်ပါတဲ့ တောဆင်ရိုင်းအုပ်ဟာ လှေကြီးတက်ကျေးရွာအနီးလှည့်လည်သွားလာ နေပြီး စပါးခင်းနဲ့ သီဟိုဋ်သီးတွေကိုဝင်ရောက်စားသောက်တာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“တောဆင်တွေ၀င်ဖျက်လို့ ပျက်စီးတာ နေအိမ် ၂ လုံးရှိနေပြီ၊ ရွာနောက်ဘက်မှာပတ်သွားနေတာ နင်းလို့သေတာ ၃ယောက်ရှိနေပြီ၊ အဓိက ၀င်စားတာ စပါးခင်းနဲ့ သီဟိုသီးတွေ၀င်စားကြတာ၊ ဆင်တွေ့ရင် သံပုံးတီးပြီးခြောက်လွှတ်နေရတယ်”လို့ လှေကြီးတက်ကျေးရွာအုပ်စုက အမျိုးသားတစ်ဦးကဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

တောဆင်ရိုင်းအုပ်ဟာ ဧပြီလ ၁ ရက်နေ့က ပုသိမ် သာပေါင်း ကားလမ်းပေါ်က ရေသိုးကုန်း ရွာအတွင်းဝင်ရောက်လာ တာကြောင့် ဒေသခံများက မီးပုံး သံပုံး တီးကာ မောင်းထုတ်ခဲ့ပြီး ဧပြီလ ၂ ရက်နေ့က ကွမ်းခြံကုန်းရွာတွင်းကို၀င်ရောက်လာပြီး နေအိမ်တစ်လုံးကိုဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ၂ ရက်နေ့မှာ ငပုတောမြို့နယ်၊ ငရုတ်ကောင်းတောင် ကျေးရွာအနီးက ဒေသခံများရဲ့စိုက်ခင်းတွေကို တောဆင်ရိုင်း၁၀ကောင်နီးပါး၀င်ရောက်လာတာကြောင့် ငရုတ်ကောင်းရဲစခန်းက သေနတ်ပစ်ဖောက်ခါ မောင်းထုတ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသတွင်းမှာ သစ်ပင်များကို အလွန်အကျွံခုတ်ယူတာကြောင့် သစ်တောများပြုန်းတီးလာပြီးတောဆင်ရိုင်းများ စားကျက်မရှိတော့ခြင်း၊ ဆင်သတ်မုဆိုးများရဲ့ တိုက်ခိုက်မှုကြောင့် တောဆင်ရိုင်းများလူတွေနေတဲ့ အနီးကိုရောက်ရှိလာတာလို့ သစ်တောဦးစီးဌာန ၀န်ထမ်းအငြိမ်းစားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

“လူတွေက အရင်တောဆင်ရိုင်းတွေ ကျက်စားတဲ့ သစ်တောတွေထဲကို ကျုးကျော်ပြီး သစ်တွေခုတ်၊ ဆင်တွေကိုသတ်တဲ့အတွက် လူနဲ့ တောဆင်ရိုင်းတွေ ပဋိပက္ခ ဖြစ်ရတယ်။ လူက ဆင်တွေကို အရင် ရန်လုပ်လို့ ကျုးကျော်လို့ အခုလိုဖြစ်ရတာ”လို့ သူကပြောပါတယ်။

တောဆင်ရိုင်းများရဲ့စားကျက်များမရှိ တော့တာကြောင့် ရွာအနီးများက စပါးခင်းများနှင့်သီးနှံစိုက်ခင်းများကို ဝင်ရောက် စားသောက်နေကြသည့်အပြင် နေအိမ်များ၌ သိုလှောင်ထားသည့် ဆန်စပါးနှင့် သီးနှံများကိုလည်း ဝင်ရောက်စားသုံးရာမှ လူနှင့်နေအိမ်များထိခိုက်ဆုံးရူံးမှုတွေဖြစ်လာတာလို့သူသုံးသပ်ပါတယ်။

သာပေါင်းမြို့နယ်မှာ တောဆင်ရိုင်းကြောင့် မတ်လနဲ့ ဧပြီလ အတွင်း အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၊လူနေအိမ်၂လုံးနဲ စိုက်ခင်းတစ်ချို့ပျက်စီးဆုံးရူံးမှုတွေဖြစ်ပွားခဲ့ပြီးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၅ ရက်နေ့မှာတော့ သစ်တောဦးစီးဌာနက ဆင်မောင်းအဖွဲ့က လာရောက်ပြီး တောဆင်ရိုင်းတွေကို တောတွင်းကိုပြန်မောင်းဖို့ ရောက်ရှိနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ပုသိမ်ခရိုင်အတွင်းမှာ မတ်လအတွင်းမှာ ဆင်သတ်မုဆိုးများလက်ချက်နဲ့တောဆင်ရိုင်း ၅ ကောင်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

#ပုသိမ်ခရိုင် #တောဆင်ရိုင်း #သာပေါင်း #ငပုတော #Ayeyarwaddy_Times