ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ဧပြီလ ၇ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဧပြီလ ၆ ရက်နေ့က ဘန့်ဘွေး(ပျူရွာ)မှ ထန်ဇင်ရွာဘက်သို့ ရိက္ခာလုယူရန် ထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီ တပ်သားအုပ်စု၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဘန့်ဘွေးရွာ ပျူစောထီးစခန်းမှထွက်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၃၀ ခန့်သည် စစ်ကောင်စီမှ ရိက္ခာပေးပို့ခြင်းမရှိသည့်အတွက် အနီးအနားရှိ ကျေးရွာများ တွင် ရိက္ခာရှာဖွေရန်ထွက်လာပြီး အသက် ၂၄ နှစ်ဝန်းကျင် အရပ်သား အမျိုးသား တစ်ဦးကို အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ပစ်ခတ်ခံရမှုကြောင့် ခြေထောက်ကျည်ထိမှန် ခဲ့ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“သူတို့(ပျူနှင့်စစ်ကောင်စီပူးပေါင်းအဖွဲ့)လာလို့ ထွက်ပြေးတာ အပစ်ခံရတာ။ ပြည်သူတွေ ကို တွေ့ရင်ရိုက်တာ ကန်တာမျိုးတွေလုပ်တော့ အတွေ့မခံရဲဘူး။ လာတယ်ဆို ပြေးတာပေါ့။ ပြေးတာမြင်ရင်ပစ်တယ်။ ရိက္ခာပို့လို့ မိုင်းဆွဲရင် ထိတာကများတော့ စစ်တပ်က ရိက္ခာကို မပို့တာကြာနေပြီ။ အခုက ရိက္ခာရှာထွက်ကြတာ။ ရွာထဲမှာက လူမနေကြတော့ဘဲ တောပြင်ဘက်ရှောင်နေတာကို စစ်ရှောင်တွေဘက်ထိ လိုက်ဒုက္ခ ပေးနေတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘန့်ဘွေးပျူစောထီးစခန်းမှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ရိက္ခာရှာ ထွက်ရာတွင် အနီးအနားရွာများရှိ ဒေသခံများထံမှ ကြက်၊ဝက်များ ယူဆောင်သွားခြင်း၊ လုယက်ခြင်းများပြုလုပ်လေ့ရှိပြီး ဈေးဆိုင်မှပစ္စည်းများမှလည်း ဝယ်ယူခြင်းမပြုဘဲ အလကားယူဆောင်သွားလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
“သူတို့ ပျူရွာကထွက်လာတော့ အဲ့ဒီအဖွဲ့ကို လာတိုက်တဲ့PDFတွေရှိသေးတယ်။ ဘယ်အဖွဲ့လည်းတော့မသိဘူး။ သေနတ်သံတွေကြားတယ်” ဟု အဆိုပါဒေသခံ အမျိုးသားက ဆိုသည်။
ဘန့်ဘွေး(ပျူရွာ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိက္ခာရှာရန်ထွက်လာသည့် အချိန်တိုင်း ပြည်သူများအားရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း ထန်းတက်သမား နှစ် ဦးအား အကြောင်းမဲ့ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
#စစ်ကိုင်းတိုင် #ယင်းမာပင် #ဘန့်ဘွေးပျူရွာ #ရိက္ခာလု #ကျည်ထိမှန် #Ayeyarwaddy_Times