ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၇ ရက်
ဖလမ်းမြို့မှ ဟားခါးဘက်သို့ ထွက်ခွာလာသော ရိက္ခာတင်စစ်ကောင်စီယာဥ်တန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၅ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ကြောင်းချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)ထံမှ သိရသည်။
ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားနေသော စစ်ကောင်စီတပ်က ဖလမ်း-ဟားခါးကြားရှိ ရမ်ထလိုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများက ပြောကြားသည်။
“CNAအပါအဝင် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အထိနာနေတဲ့ စစ်ကောင်စီတပ်က ရမ်ထလိုကျေးရွာမှာရှိတဲ့ လူနေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီယာဥ်တန်းကြောင့် ဟားခါး-ဖလမ်းကြားမှာရှိတဲ့ ပြည်သူထောင်ချီဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်” လို့ ချင်းလဲန်ပူးတွဲကာကွယ်ရေးကော်မတီတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့ဘက်သို့ ထွက်ခွာလာသော ရိက္ခာတင်စစ်ကောင်စီယာဥ်တန်းကို ယခင်နှစ်တိုက်ခိုက်မှုများနှင့် မတူဘဲ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ယာဥ် ၇ စီးလည်း ပျက်စီးသွားကြောင်းသိရသည်။
ဖလမ်း-ဟားခါးအကြားရှိ တလန်ဇာရ်ရွာနှင့် ရမ်ထလိုရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ယခင် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်က ရမ်ထလိုကျေးရွာရှိ ပြည်သူနေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။
#ချင်းပြည်နယ် #ဖလမ်း #ဟားခါး #ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ် #စစ်ကောင်စီယာဥ်တန်း #ရမ်ထလိုရွာ #မီးရှို့ဖျက်ဆီး #စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦးသေဆုံး