နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ) /ဧပြီလ၇ရက်

ကရင်ပြည်နယ် ၊ မြဝတီ ကော့ကရိတ် အာရှလမ်းမကြီးသို့ အရပ်သားများ ဖြတ်သန်း သွားလာခွင့်မပြုဟု ပူးတွဲအမိန့် ထုတ်ပြန်ခြင်းမှာ အရပ်သားနှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များ ကွဲပြား စေရန်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီ ၇ ရက်နေ့မှ ဧပြီ ၂၁ ရက်နေ့အထိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် အရပ်သားပြည်သူများ ဖြတ်သန်းသွားလာခြင်း လုံး၀(လုံး၀) မပြုလုပ်ရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပူးတွဲ ထုတ်ပြန် လိုက်သည်ဟု ယနေ့ရက်စွဲဖြင့် ကြေညာထားသည်။

“လမ်းပိတ်တယ်ဆိုတာ လူရှင်းလိုက်တာပါ။ နောက်စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ အရပ်သား ကွဲကွဲပြားပြား သိနိုင်အောင်ပါ။ မြေပြင်မှာ အရပ်သား အယောင် ဆောင်ထားတဲ့ BGF တပ်သားတွေလည်း အများကြီးရှိနေတယ်” ဟု မြေပြင် စစ်ကြောင်းများတွင် ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီBGF ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီပူးပေါင်းတပ်များသည် ၎င်းတို့အထိနာလာသည်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြ၀တီ -အာရှလမ်းမကြီးကို အသုံးပြု၍ အရပ်ကားများဖြင့် လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ခြင်း၊ စစ်ကူအင်အားများ ပို့ဆောင်လှုပ် ရှားမှု့များ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်လာ၍ မြေပြင် စစ်ကြောင်းများက ယခုကဲ့သို့ ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပူးတွဲအမိန့်ထုတ်ပြန်ခဲ့သည့် မြေပြင်စစ်ကြောင်းများမှာ ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ KNU/KNLA(PC) တပ်ရင်း မှူးနှင့်ဗျူဟာမှူး ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း နှင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တို့ဖြစ်သည်။

#ကရင်ပြည်နယ် #မြ၀တီအာရှလမ်းမကြီး #အရပ်သား #ဖြတ်သန်းခွင့်ပိတ်ပင် #စစ်ကောင်စီနှင့်BGFပူးပေါင်းတပ် #မြေပြင်စစ်ကြောင်း #ပူးတွဲအမိန့် #Ayeyarwaddy_Times