ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဧပြီလ ၇ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့ ညတွင် စစ်ကောင်စီမှပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦးထိမှန်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ဆင်မတောင်ထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သိန်းတန်ရပ်ကွက်၊ ရွှေပေါက္ကံ အပိုင်း ၃ ကားလမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“ကျောက်ကြီးဆေးရုံဆရာမပြောကြားချက်အရ
၄ ဦးစလုံးသေဆုံးတယ်လို့သိရတယ်။ ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး။ မြို့ပေါ်ရပ်ကွက်မှာပဲကျရောက်ပေါက်ကွဲခဲ့တာ။ တစ်ဦးဆို မေးစေ့ပါပွင့်ထွက်သွားလို့ပြောပါတယ်။” ဟု ဒေသခံ ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ညောင်လေးပင် မြို့နယ်တွင်လည်း ဧပြီလ ၅ ရက်နေ့တွင်ပင် ခင်ကန့်ကျေးရွာမှစစ်ကောင်စီတပ်သားများက အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကညင်ကျိုးရွာရရှိ ‌အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ စစ်ကောင်စီသည် ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်မှု အကြိမ်ပေါင်း ၇၅၈ ကြိမ်ရှိခဲ့ပြီး နေအိမ်ပေါင်း ၂၂၇ လုံးပျက်စီးခဲ့ရပြီး ပြည်သူ ၁၂၀ ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အစီရင်ခံစာအရ သိရသည်။

#ကျောက်ကြီး #လက်နက်ကြီး #ဆင်မတောင် #Ayeyarwaddy_Times