ဧရာဝတီတိုင်းမ်
(ဆော)၊ ဧပြီ ၇ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ စံရွာနှင့် တေးရွာတို့တွင် ရှိသည့် စစ်ဘေးရှောင်စခန်းအပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးတာတွေကြောင့် ပြည်သူ ၂၀၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်၍ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီးနောက်ပိုင်း စံရွာနှင့် တေးရွာရှိ ပြည်သူနေအိမ်များအပါအဝင် စစ်ဘေးရှောင်စခန်းများကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှ စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
“စစ်ရှောင်းစခန်းကို မီးရှို့သွားတယ်။ မင်းတပ်မြို့ပေါ် ပြန်နေစေချင်လို့ စစ်ရှောင်စခန်းကို မီးရှို့သွားတာ။ သူတို့ဘက်က ၃၀ လောက်သေတယ်။အလောင်းတွေနဲ့ ရောပြီး စစ်ရှောင်စခန်းကို မီးရှို့ကြတာ။ ရဟတ်ယာဥ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်း လိုက်ပစ်တယ်။ တောထဲပြေးကြတာ ဖိနပ်တောင်မပါကြဘူး´´လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြားမှုကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သော စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၄၀၀ ခန့်နေထိုင်ကြပြီး ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း ၂ ထောင်ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တို့တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လှည့်လည်စစ်ကြောင်းထိုးကာ ဒေသကာကွယ်ရေးတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-မင်းတပ်ထံမှ သိရသည်။
#ချင်းပြည်နယ် #စံရွာ #တေးရွာ #စစ်ဘေးရှောင်စခန်း #မီးရှို့ဖျက်ဆီး #စစ်ကောင်စီတပ် #ဒေသခံပြည်သူနှစ်ထောင်ခန့်ထွက်ပြေးတိမ်းရှောင်