ဧရာ၀တီတိုင်းမ်
ဧပြီလ ၇ ရက်

နိုင်ငံအနှံ့အပြား၌ စစ်ဆင်ရေးများပြုလုပ်နေမှုအကျိုးဆက်အရ အင်အားလျော့နည်းနေသည့် ကြည်းတပ်ကို စစ်သည်အင်အား ပြန်လည်ဖြည့်တင်းရန်အတွက် လေတပ်မှစစ်သည်များကို ကြည်းတပ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရန် အာဏာသိမ်း စစ်ခေါင်းဆောင်များက စီစဉ်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်းစစ်တပ်၏ တပ်မတော်(လေ)တွင် လေတပ်စခန်းဌာနချုပ် ၁၀ ခုနှင့် လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၉ ခုရှိသည်။ ကြည်းတပ်တွင်လိုအပ်နေသော စစ်သည်အင်အားများကို လေတပ်မှ ဆွဲထုတ်၍ ဖြည့်တင်းသွားရန် စစ်ခေါင်းဆောင်များက စီစဉ်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များ ထံမှ သိရသည်။

“ကြည်းတပ်အတွက် လိုနေတဲ့အင်အားကို လေတပ်ကလူတွေ ထုတ်နှုတ်ပြီး ဖြည့်မယ်လို့ သိရတယ်။ လေတပ်မှာမှ အရင်ဆုံး အုပ်ချုပ်ရေးဘက်ကလူတွေကို ကြည်းတပ်ကိုရွှေ့ပြီး အင်အားဖြည့်လိမ့်မယ်။ အခု အဲ့ဒါ စီစဉ်နေပြီ။ ဘယ်တော့ အကောင်အထည်ပေါ်လာမလဲတော့ သေချာမသိသေးဘူး။ လပိုင်းအတွင်း ဖြစ်လာမယ်ထင်တယ်”ဟု ရန်ကုန်တိုင်းရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်နှင့်နီးစပ်သော တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ တပ်မတော်(လေ)၌ မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္ထီလာ၊ တောင်ငူ၊ မြိတ်၊ မြစ်ကြီးနား၊ မကွေး၊ ပုသိမ်၊ ဟုမ္မလင်းနှင့် နမ့်စမ်မြို့တို့တွင် လေတပ်စခန်းဌာနချုပ်များ တည်ရှိသည်။ ထို့ပြင် နေပြည်တော်၊ ဆိပ်ဖြူ၊ ကျောက်ဆည်၊ မှော်ဘီ၊ လွိုင်လင်၊ မြိတ်၊ သထုံအပါအဝင် ဒေသ ၉ ခု၌ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များ တည်ရှိသည်။

အဆိုပါလေတပ်များရှိ အုပ်ချုပ်ရေးဌာနများမှ အမျိုးသားစစ်သည်များနေရာတွင် အမျိုးသမီးစစ်သည်များကို အစားထိုး ခန့်ထားပြီးနောက် ၎င်းတို့အား ကြည်းတပ်သို့ အင်အားဖြည့်တင်းရန် စစ်ခေါင်းဆောင်များက စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးဘက်မှာ ရဲမေဝန်ထမ်းတွေ အစားထိုးဖို့ရှိတယ်။ အဲ့လိုအစားထိုးပြီးရင် အုပ်ချုပ်ရေးဘက်က စစ်သည်တွေကို ကြည်းတပ်ကို ပို့ဖို့လုပ်နေတာ”ဟု မင်္ဂလာဒုံလေတပ်မှ တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ တပ်မတော် လက်ရုံးတပ်များမှ ထောင်နှင့်ချီသော စစ်သည်အင်အားများကို ထုတ်နှုတ်ကာ လုံခြုံရေးယူစေခြင်း၊ စစ်ဆင်ရေး ထွက်စေခြင်းများ ခိုင်းစေခဲ့သည်။

အဆိုပါတပ်များမှာ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးတပ်(ကပစ)၊ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာတပ်(ကကလျှပ်)၊ သံချပ်ကာယန္တရားတပ် (ကကသံ)၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (ကကဆောက်)၊ စစ်လက်နက်ပစ္စည်းထိမ်းသိမ်းရေးတပ် (ကကနက်)၊ လေ့ကျင့်ရေးအရာရှိချုပ်ရုံး လက်အောက်ရှိ လေ့ကျင့်ရေးသင်တန်းကျောင်းများ (ကကကျင့်)၊ တပ်မတော် အင်အားဖြည့်တင်းရေးနှင့် စစ်သားစုဆောင်းရေးတပ် (ကကအင်)၊ တပ်မတော် စစ်တီးဝိုင်းတပ်၊ လေ့ကျင့်ရေးနှင့် အားကစားသိပ္ပံတပ်၊ နယ်လှည့်ဆက်ဆံရေးတပ်စသည့် လက်ရုံးတပ်များဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် နိုင်ငံအနှံ့ ထိုးစစ်ဆင်မှုများပြားလာသည့်အလျောက် လက်ရုံးတပ်များမှ စစ်သည်အင်အားများ ထပ်မံထုတ်ယူသုံးစွဲဖို့ ခက်ခဲလာသည့် အခြေအနေတွင် လေတပ်မှ စစ်သည်အင်အားများ ကြည်းတပ်သို့ ဖြည့်တင်းရန် စစ်ခေါင်းဆောင်များက ပြင်ဆင်လာခြင်းဖြစ်ကြောင်း တပ်မတော်သား ဟောင်းများက သုံးသပ်ပြောဆိုသည်။

“လေတပ်ကလူတွေ ကြည်းတပ်ကို ဖြည့်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အခုဆို ရှေ့တန်းမှာ ဖမ်းမိလိုက်ရင် သံချပ်ကာတပ်တွေ၊ ကပစတပ် ဘက်တံဆိပ်တွေ တွေ့နေရတာ။ အဲ့လူတွေက တသက်လုံး ရှေ့တန်း ထွက်ဖူးတာမှ မဟုတ်တာ။ စစ်တိုက်ရတာ ရှိမှမရှိတာ။ စစ်တပ်အင်အားက တောက်လျှောက်လျော့နေတော့ အင်အားပြည့်ဖို့ဆို မင်းအောင်လှိုင်က ဒီနည်းကို ကျိန်းသေသုံးမှာပါပဲ”ဟု ဧရာ၀တီတိုင်းမှ တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များမှာ မြေပြင်မှ ထိုးစစ်ဆင်မှုများအပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ရှမ်းပြည်နယ်(တောင်းပိုင်း)နှင့် ကရင်နီဒေသများသို့ ထိုးစစ်ဆင်မှုများပြုလုပ် နေသော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် နယ်မြေစိုးမိုးမှုမရဘဲ ထိခိုက်ကျဆုံးမှုများ၊ စစ်အင်အား တဖြည်းဖြည်း လျော့နည်းလာမှုများ ကြုံတွေ့နေကြောင်း သိရသည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ကစထမှူး #စစ်တိုင်းမှူး #စိတ်ပျက် #Ayeyarwaddy_Times