နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/ဧပြီလ ၆ ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ရွှေကုက္ကို မြို့သစ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များပူးပေါင်း အထိုင်ချထားသည့် စခန်း ငါးခုကို တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် ဗိုလ်အယ်စေးဝါး စစ်ကြောင်း၊ Lion Battalion ဗျူဟာစစ်ကြောင်း၊ KLNA နှင့် KTLA PDF ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်စခန်း ၅ ခုကို ယမန်နေ့ ဧပြီ ၅ ရက်နေ့နှင့် ၆ ရက်နေ့ နှစ်ရက်အတွင်း သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“ထီးဝါမယ်ပလော ၊ ထီကော်ထေား ကျေးရွာနားမှာ တပ်စွဲထားတဲ့စခန်းတွေ ကို ဗျူဟာမြောက် ဝင်စီးနင်းတိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်နဲ့ BGF ၈၅ ယောက်သေပြီး ၆၀ ကျော်လောက်တော့ထိခိုက်ဒဏ်ရာရတယ်။ စခန်းတစ်ခုဆိုရင် လက်နက်တွေ ထားပြီး ထွက်ပြေးသွားတယ်” ဟု စခန်းသိမ်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပူးပေါင်းစခန်းများကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ် နှင့် BGF ပူးပေါင်းတပ်များထံက လက်နက်မျိုးစုံ ၇၅ လက်ကိုပါသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုမြို့သစ်တွင် တရုတ်နိုင်ငံသားပိုင် ကာစီနို လောင်းကစားရုံများနှင့် BGF ခေါင်းဆောင်အချို့၏ ကာစီနို လောင်းကစားရုံများ အများအပြားရှိနေပြီး အဆိုပါ ကာစီနိုရုံများမှ အလုပ်သမားများကို လက်နက်များထုတ်ပေး၍ တိုက်ပွဲများတွင် အသုံးချနေကြောင်း စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်က ဆိုသည်။
ယမန်နေ့ ဧပြီ ၅ ရက်နေ့က ရွှေကုက္ကို အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၃,၀၀၀ ကျော်သည့် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်နေရပြီး ယနေ့တွင် ရွှေကုက္ကို မြို့ပေါ်ရှိ ဒေသခံ ၁,၀၀၀ ခန့်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထပ်မံစစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
#ကရင်ပြည်နယ် #ရွှေကုက္ကိုမြို့သစ် #စစ်ကောင်စီတပ် #BGFစခန်း၅ခု #တော်လှန်ရေးတပ်ဖွဲ့များ #တိုက်ခိုက်သိမ်းပိုက် #ထိုင်းနိုင်ငံ #ဒေသခံများ #စစ်ဘေးရှောင် #Ayeyarwaddy_Times