ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များ ယနေ့ ညပိုင်းအချိန်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

ယနေ့ ဧပြီ ၆ ရက် ည ၉ နာရီ၀န်းကျင်ခန့်က မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီတပ်မှ စခန်းချ၍ လုံခြုံရေးယူကင်းစောင့်နေသည့် တပ်ဖွဲ့၀င်များ ရှော့တိုက်ဒုံး ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“လေဆိပ်ကို အပစ်ခံရတာ။ အဲဒီမှာ ကင်းစောင့်နေတဲ့ တပ်သားတွေရှိတယ်။ အခုလေလောာဆယ် မီးလောင်တာတွေ ရှိတယ်။ ထိခိုက်မှုကတော့ မသိရသေးဘူး”ဟု မင်္ဂလာဒုံတပ်မှ အမည်မဖော်လိုသူ တပ်သားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး ထိခိုက်သေဆုံးမှုများနှင့် ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် လေယာဉ်ကွင်းထွက်ပေါက်လမ်းများနှင့် လေတပ်ခန်းအနီးလမ်းများကို ပိတ်ဆို့ထားပြီး လှည့်ကင်းများလှည့်၍ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲသံကြီးက အတော်ပြင်းတယ်။ ဆက်တိုက်ပဲ တအုန်းအုန်းနဲ့။ လေတပ်ပဲလား၊ ဘယ်နားလဲတော့ သေချာမသိဘူးဗျ။ ပေါက်ကွဲပြီးမကြာဘူး သေနတ်သံတွေ ဆက်တိုက်ကြားရတာပဲ။ ခု မီးသတ်ကားသံတွေလည်း ကြားနေရတယ်”ဟု မင်္ဂလာဒုံမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲသံကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပြည်သူများ ကြားလိုက်ရကြောင်းကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားကြသည်။

#မင်္ဂလာဒုံလေဆိပ် #ရှော့တိုက်ဒုံး #မီးလောင် #စစ်ကောင်စီတပ် #Ayeyarwaddy_Times