ဗွီအာတီ/ဧရာဝတီတိုင်းမ်
ချင်း၊ ဇူလိုင်လ ၁၁ ရက်

အမျိးသားညီညွတ်ရေးအစိုးရ(NUG)၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်မှ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို CDM ဆရာ၊ ဆရာမတွေက ဇွန်လကတည်းက စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေတယ်လို့ ဆရာ/ဆရာများထံမှ သိရပါတယ်။

လွတ်မြောက်နယ်မြေမှာရှိတဲ့ ဒေသခံကျောင်းတွေကို တာဝန်ရှိသူတွေထံ ငှားရမ်းကာ ပညာသင်ကြားပေးခြင်းဖြစ်ပြီး တက်ရောက်ပညာသင်ကြားတဲ့ ကျောင်းသားကျောင်းသူများပြားတယ်လို့ CDM ကျောင်းဆရာမအချို့က ဆိုပါတယ်။

“ဒီဒေသမှာ ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ မီဇိုးရမ်ကျောင်းတွေမှာလည်း ပညာသင်ကြားနေတဲ့အတွက် ဒီဒေသရဲ့ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေနေ့တိုင်းမှာ သင်ကြားပို့ချပေးနေပါတယ်၊ ဒီလို သင်ကြားပို့ချတဲ့အခါမှာ မြန်မာစာ၊ သင်္ချာဘာသာနှင့် အင်္ဂလိပ်ဘာသာရပ်(၃)ဘာသာကို သင်ကြားပေးတာပါ၊ ဆရာ၊ ဆရာမရုံးခန်းမရှိတဲ့အတွက် အချိန်ပိုင်းနားတဲ့အခါမှာ အခက်အခဲအနည်းငယ်တော့ရှိတယ်၊ သင်ကြားရေးနှင့် ပတ်သက်ပြီး မီဇိုးရမ်၊ ဆိုင်းရမ်ဘက်မှာတော့ အဆင်ပြေပါတယ်”လို့ CDM ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

(KG)အတန်းမှ (၈)တန်းအထိ သင်ကြားပို့ချပေးလျှက်ရှိကာ (၄)လတစ်ကြိမ်ဖြင့် စာမေးပွဲစစ်ဆေးသွားမှာဖြစ်ပြီး (၉)တန်းနှင့် (၁၀)တန်းများကိုလည်း ဆက်လက်သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့ပြင် မီဇိုးပြည်နယ်၊ လုံးလေမြို့၊ လောင်တလိုင်မြို့နှင့် အခြားစစ်ဘေးရှောင်စခန်းတွေမှာလည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ တာဝန်ခံကျောင်းဆရာတစ်ဦးက ဆိုပါတယ်။

“ဆိုင်းရမ်မြို့မှာတော့ သင်ကြားရေးပိုင်းမှာ ပုံမှန်လည်ပတ်နိုင်ပြီ၊ ကျန်တဲ့ လုံးလေမြို့၊ လောင်တလိုင်မြို့နဲ့ အခြားစစ်ဘေးရှောင်စခန်းတွေမှာ ကျောင်းတွေဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေထံ ကျောင်းဌားရမ်းတာတွေနဲ့ အခြားလိုအပ်ချက်တွေကိုလည်း အကုန်လုံးညှိနှိုင်းဆောင်ရွက် ပြီးပါပြီ၊ CDMersဆရာ၊ ဆရာမတွေလည်း လူဦးရေများပြားတဲ့အတွက် သင်ကြားရေးပိုင်းမှာ အခက်အခဲသိပ်မရှိပါဘူး၊ စနေနေ့နှင့် အခြားကျောင်းပိတ်ရက်တွေမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ ကျောင်းသား၊ ကျောင်းသူမိဘတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်”လို့ အဆိုပါကျောင်းရဲ့ တာဝန်ခံကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လွတ်မြောက်နယ်မြေကို ရောက်ရှိလာကြတဲ့ CDMဝန်ထမ်းတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြပြီး ယခုကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ကြားပေးတာနှင့် ပတ်သက်ကာ ဆရာ၊ ဆရာမတွေကို ထောက်ပံ့လစာပေးထားတာ မရှိသေးဘူးလို့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။

ချင်းပြည်နယ်ရှိ မြို့နယ် အချို့မှာ စစ်ကောင်စီက ဦးဆောင်ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတွေမှာတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေထက် NUGမှ ဦးဆောင်ဖွင့်လှစ်ပေးတဲ့ အခြေခံကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူလူဦးရေဟာ နှစ်ဆခန့်ပိုများတယ် CDM ကျောင်းဆရာ၊ဆရာမအချို့ထံမှ သိရပါတယ်။
ဓာတ်ပုံ – ယခင်ကပုံအဟောင်းအားအသုံးပြုထားပါတယ်။