
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်
ထောင်ချီတဲ့ဆန္ဒပြသူတွေက သမ္မတအိမ်တော်နဲ့ ဝန်ကြီးချုပ်နေအိမ်တွေကို စီးနင်းသိမ်းပိုက်ပြီးတဲ့နောက် သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်မယ်လို့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာက ဝန်ကြီးချုပ် ရာနေးလ်ကို အသိပေး ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
သမ္မတ ဂိုတာဘာယာက ဇူလိုင်လ ၁၃ ရက်မှာ ရာထူးမှနှုတ်ထွက်မယ်လို့ လွှတ်တော်နာယကက ပြော ကြားခဲ့ပေမယ့် သမ္မတကတော့ နှုတ်ထွက်မယ့်အစီအစဉ်ကို တိုက်ရိုက် ပြောကြားခဲ့ခြင်းမရှိပါဘူး။
ပါတီပေါင်းစုံပါဝင်တဲ့ ယာယီအစိုးရတစ်ရပ် ဖွဲ့စည်းပေးပြီရင် ရာထူးကနေနှုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် ရာနေးလ်ကလည်း ပြောပါတယ်။
သမ္မတနဲ့ ဝန်ကြီးချုပ်တို့ ရာထူးကနေ နှုတ်ထွက်ချိန်ထိ ဆန္ဒပြလူအုပ်တွေက ကိုလံဘိုမြို့တော်ရှိ သမ္မတ အိမ်တော်နဲ့ ဝန်ကြီးချုပ်နေအိမ်တွေကို သိမ်းပိုက်ထားမယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေက ကိုလံဘိုမြို့တော်ရှိ သမ္မတအိမ်တော်နဲ့ ဝန်ကြီးချုပ်နေအိမ်တွေကို စီးနင်းချိန်မှာ သမ္မတ ဂိုတာဘာယာနဲ့ ဝန်ကြီးချုပ် ရာနေးလ်တို့မရှိဘဲ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက လူမြင်ကွင်းကနေ ပျောက် ကွယ်နေပြီး သူတို့နှစ်ဦး ဘယ်မှာရှိတယ်ဆိုတာလဲ မသိရသေးပါဘူး။
ကိုလံဘိုမြို့တော် လူကုံထံရပ်ကွက်က ဝန်ကြီးချုပ် ရာနေးလ်ရဲ့နေအိမ်လည်း မီးရှို့ခံခဲ့ရပြီး သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သမ္မတနဲ့ဝန်ကြီးချုပ်တို့ ရာထူးကနေ တရားဝင် နှုတ်ထွက်လျင် နောက်တစ်ဆင့်မှာ လွှတ်တော်နာယက ကို ယာယီသမ္မတအဖြစ် ခန့်အပ်ကာ ၂၀၂၄ ခုနှစ်မှာ ပြီးဆုံးမယ့် သမ္မတ ဂိုတာဘာယာရဲ့သက်တမ်း ကုန်ဆုံးဖို့ တစ်လအတွင်း သမ္မတသစ်တစ်ဦး ရွေးကောက်ဖို့ လွှတ်တော်က မဲပေးရမယ်လို့ ဖွဲ့စည်းပုံဆိုင်ရာ ကျွမ်းကျင်သူ တွေက ပြောပါတယ်။
သာမန်ပြည်သူတွေကတော့ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ဓာတ်မြေသြဇာ တင်သွင်းမှုပိတ်ပင်ချက်ကြောင့် ဆိုး ရွားစွာ ထိခိုက်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်းကိုမှီခိုအားထားတဲ့ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးပြိုလဲမှုအတွက် သမ္မတ ဂိုတာဘာယာကို အဓိက ပြစ်တင်ခဲ့ပါတယ်။
ကိုးကား – AFP
Ref; Sri Lanka PM confirms president will resign as palace occupation continues