ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်
ရက္ခိုင့်တပ်တော်(AA)အား အခွန်ကောက်ခံပေးသည်ဆိုကာ စွပ်စွဲဖမ်းဆီးပြီး စစ်ကောင်စီကတရားစွဲဆိုခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေမှာ လက်ရှိတွင် ကျန်းမာရေးဆိုးဝါးနေသည့်အတွက် ဆေးကုသ ခွင့်ရရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။
ဦးအောင်ကျော်လှ(ခ)ဦးညီဒေါင်းချေမှာ လက်ရှိတွင်ခန္ဓာကိုယ်တခြမ်းလေဖြတ်နေသည့်အပြင် စတီးရိုးထည့်ထားရသည့် ညာဖက်လက်တဖက်မှာလည်း ရောင်ရမ်းကာပြည်တည်နေသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။
” လေဖြတ်နေတာတော့ ကြာနေပြီ။အချုပ်ထဲမှာ သူတို့အစီအစဉ်နဲ့သူတို့ဆေးကုပေးတယ်လို့ပြောတယ်။အခုဟာက လက်တဖက်ကလည်း အနာတွေပြန်ဖြစ်၊ ပြည်တွေဘာတွေတည်ပြီးတော့ မလှုပ်နိုင်တော့ဘူး။ ဒါကြောင့် ကျန်းမာရေးဒီထက်ပိုမဆိုးလာခင် မိသားစုတွေက အပြင်ကဆေးရုံတွေမှာ သေသေချာချာ ဂရုတစိုက်နဲ့ဆေးကုသပေးချင်တာပေါ့။ဒါပေမဲ့ ခွင့်ပြုချက်မရဘူးဖြစ်နေတယ်” ဟု ၄င်းကပြောသည်။
ယခုကဲ့သို့ ကျန်းမာရေးမကောင်းသည့်ကြားထဲမှ အဆိုပါအုပ်ချုပ်ရေးမှူးမှာ ရုံးပုံမှန်တက်နေသော်လည်း ၄င်း၏ အမှုကိုတစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းကိုသာ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်ဟု ဆိုသည်။
” အရင်ဆို အပတ်စဉ် အင်္ဂါနေ့တိုင်းရုံးထုတ်တာ။ဒါပေမဲ့ ၃ ကြိမ်ပဲထုတ်လိုက်တယ်။အဲ့နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ဆိုပြီး ရုံးချိန်းတွေကို တောက်လျှောက်ရွှေ့နေတာ။ဧပြီ ၄ ရက်နေ့ ရုံးထုတ်တုန်းကလည်း မိသားစုတွေလိုက်သွားတယ်။ဘာမှမစစ်ဆေးဘဲ ထပ်ရွှေ့လိုက်တယ်။ဘယ်နေ့၊ဘယ်ရက်ကိုရွှေ့လိုက်တယ်ဆိုတာလည်း သေချာမသိခဲ့ရဘူး။အမှုကိုတော့ အမြန်ဆုံးပြီးပြတ်စေချင်တာပေါ့” ဟု မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေသည့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊အောက်တိုဘာလ ၈ ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေအပါအဝင် မင်းပြားဒေသခံ ၅ ဦးကို နံနက်အရုဏ်တက် ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက နေအိမ်အတွင်းသို့ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူ ၅ ဦးအနက် ၃ ဦးမှာ ပြန်လည်လွတ်မြောက်
လာခဲ့သော်လည်း အဆိုပါအုပ်ချုပ်ရေးမှူးနှင့် မင်းပြားဒေသခံတစ်ဦးမှာ ပြန်မလွတ်ဘဲ AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)/(၂)တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် AA တို့ကြား၂၀၂၂ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ အပစ်အခတ်ရပ်စဲခဲ့ကြပြီး တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းက မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်ကောင်စီနှင့် AA တို့ကြား နှုတ်ဂတိများရှိခဲ့သည်။
စစ်ကောင်စီဘက်မှ အကောင်အထည် ဖော်မှုအားနည်းနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် ရက္ခိုင့်တပ်တော် AA ၏သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံ မတရားဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)/(ခ)နှင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)/ (၂)တို့ဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သားစုစုပေါင်း ၅၀ ဦးခန့်ရှိနေသည်။
#ရခိုင်ပြည်နယ် #မင်းပြားမြို့ #အုပ်ချုပ်ရေးမှူး #လေဖြတ် #ဆေးကုသခွင့်မရ #Ayeyarwaddy_Times