နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကို ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် ဒေသခံစစ်ရှောင်ပြည်သူ ၃၀၀၀ ကျော်အတွက် ဆေးဝါး၊ ရေနှင့် စားနပ်ရိက္ခာအပါအဝင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား သွားရောက်ကူညီပေးနေသူများထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသော ရွှေကုက္ကို မြို့သစ်၊ထီးဝါးပလော၊ ထီးကော်ထော ကျေးရွာများအနီးတွင် ယမန်နေ့ ဧပြီလ ၅ ရက်၊ နံနက်ပိုင်းမှစတင်ကာ KLNA ၊ PDF များနှင့် စစ်ကောင်စီတပ်၊ BGF များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတာ။ ဘာအခြေခံပစ္စည်းမှ ပါမလာဘူး။ တချို့ဆို အဝတ်အစားတောင် ပါမလာဘူး။ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းတွေ၊ ရေသုံးဖို့ အဆင်မပြေတာတွေ၊ ပြီးတော့ အိမ်သာကိစ္စ အပေါ့အလေး စွန့်တာတွေ၊ နေရာထိုင်ခင်း၊ အိပ်စရာ စောင်၊ ခြင်ထောင်ကအစ မပြည့်စုံကြဘူး။ ရာဘာခြံထဲမှာ ဒီအတိုင်းပဲ အမိုးအကာနဲ့ ဖြတ်သန်းနေရတယ်။ အခြေခံလိုအပ်ချက်တွေ အကုန်းလုံးလိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီပေးနေသည့် ကိုရဲမင်း(MHAC)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း အဆိုပါဒေသတွင် လက်နက်ကြီး ပစ်ခတ် သံများ ကြားနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြား သည်။

အဆိုပါ တိုက်ပွဲများကြောင့် ရွှေကုက္ကိုအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် မြို့ထဲရှိပြည်သူအချို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်စာရင်း မှတ်တမ်းပြုစုနေသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေး ထံကသိရသည်။

“တချို့လည်း စာသင်ကျောင်းတွေထဲ၊ တချို့လည်း ရာဘာခြံတွေထဲမှာ နေနေကြတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ဆိုရင် မျက်နှာချင်း ဘက်ခြမ်းလောက်မှာ ရှိတာပေါ့။ လောလောဆယ် ထိုင်းစစ်တပ်ကလည်း စောင့်ရှောက်မှုတွေ ပေးထားတယ်။ ထိုင်းဘက်ကလည်း ကူညီမှုတွေ ရှိတယ်။ ကျွန်တော်တို့ ဒီဘက်ခြမ်းမှာရှိနေတဲ့ ကရင်၊ ဗမာ တိုင်းရင်းသားတွေကလည်း သွားရောက်ကျွေးမွေးတာတွေ လုပ်ပေးနေတယ်” ဟု ကိုရဲမင်း(MHAC)က ပြောသည်။

လက်ရှိအခြေအနေအရ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ဖွယ် ရှိနေပြီး စစ်ဘေးရှောင်များ ယခုထက်ပိုမို များပြားလာမည်ကို စိတ်ပူမိကြောင်း စစ်ဘေးရှောင်များကို သွားရောက် ကူညီပေးနေသူများက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – ကိုရဲမင်း
#ကရင်ပြည်နယ် #ရွှေကုက္ကို #တိုက်ပွဲဖြစ်ပွား #ဒေသခံ၃၀၀၀ကျော် #ထိုင်းနိုင်ငံ #စစ်ဘေးရှောင် #ထိုင်းစစ်တပ် #ကူညီစောင့်ရှောက် #Ayeyarwaddy_Times