ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်
မကွေးတိုင်း ဆိပ်ဖြူမြိူ့နယ်တွင် စစ်ကောင်စီတပ် အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု ဖြစ်ပွားကြောင်း တပ်တွင်း သတင်းအရ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ ညပိုင်းက ဆိပ်ဖြူ မြို့နယ် ညောင်နီချောင်း အနောက်ဘက်ရှိ စစ်ကောင် စီတပ် အမှတ် (၃၀၃၆) လေကြောင်း ကာကွယ်ရေး သင်တန်းကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် PDF အယောင်ဆောင်ကာ ကင်းလှည့်နေစဉ် ဆိပ်ဖြူမြို့ဘက်မှ ပြန်လာသည့် စစ်ကားက မှားယွင်းပစ်ခတ်သဖြင့် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆိုသည်။
တပ်တွင်းရှိ အမည်မဖော်လိုသူ တစ်ဦးက“မှားပစ်ကြတာပေါ့။ ကင်းလှည့်ပြီးပြန်လာတဲ့ ကားတွေ တွေ့ကြတော့ ရန်သူ မှတ်ပြီး ပစ်ကြတာ၊ နာရီဝက်လောက်ကြာမယ်။ ကပစ ၂၁ နဲ့ ရဲစခန်းကြားမှာ ဖြစ်တာပါ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ကို မိတ္ထီလာမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နှင့် မှားယွင်းပစ်ခတ်မှု သတင်းကို တပ်တွင်း၌ ဖုံးဖိထားပြီး PDF များက ပစ်ခတ်ခြင်း ဖြစ်ကြောင်း သတင်းမှား လွှင့်ထားသည် ဟုလည်း ဆိုသည်။
ဆိပ်ဖြူမြို့နယ် ဒေသခံ တစ်ဦးကလည်း“အဲဒီနေရာက လုံခြုံရေး ပိတ်ချထားတာ။ အစစ်အဆေးလည်း ကြမ်းတယ်။ တပ်ရော၊ ရဲစခန်းရော ရှိလို့။ အပြင်လူ ဝင်ပစ်ဖို့ မလွယ်ဘူး။ အချင်းချင်း မှားပစ်ကြတာ တပ်တွင်းမှာ ဂယက်ရိုက် နေတယ်လို့ ကြားတယ်”ဟု ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောကြားသည်။