ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ထောင်၀င်စာပို့ခွင့် ပိတ်ပင်ခံထားရသည်မှာ ၃ လရှိနေပြီဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားများကို ထောင်တာ၀န်ရှိသူတွေက ပိုမိုဖိနှိပ်လာတယ်လို့ အကျဥ်းဥိီးစီးနဲ့နီးစပ်သူတွေဆီက နေသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက အကြမ်းဖက် ရိုက်နှက်တာတွေပြုလုပ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ စစ်ကောင်စီတပ်နဲ့ ထောင်အာဏာပိုင်တွေကထောင်ဝင်စာပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။
“နိုင်ငံရေးအကျဥ်းသား ၆၀ ကျော်လောက်ကို အခုထိ ခြေကျင်း(ဒေါက်)တွေခတ်ထားတာဖြုတ်မပေးသေးဘူး၊ ထောင်မှူးတွေနဲ့ ညွှန်မှူးက မူးလာရင် ညဆိုလည်းခေါ်ခေါ်ရိုက်နေတယ် ၊ နေမကောင်းရင်လည်း ပစ်ထားတယ်။ တိုက်ထဲမှာပဲ အကုန်ထားတယ်။ အခြား နိုင်ငံရေးအကျဥ်းသားတွေကိုလဲရာဇ၀တ်သားတွေ ၊ထောင်လူမိုက်တွေနဲ့ ရောထားပြီး လှုပ်လို့မရအောင်လုပ်ထားတယ်”လို့ အကျဥ်းဥိီးစီးနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
အဲ့ဒီလို ထောင်ဝင်စာပို့ခွင့် ပိတ်ထားခဲ့ပြီးတဲ့နောက်မှာ အကျဥ်းသားတစ်ဦးအတွက် တစ်လကိုထောင်ဈေးဘားငွေ တစ်သိန်းသာ မိသားစုဝင်တွေက ပေးခွင့်ရပြီး၊လက်ခံရရှိကြောင်းပြေစာပြန်မပေးဘူးလို့ နိုင်ငံရေးအကျဥ်သားတစ်ဦးရဲ့ မိသားစု၀င်တွေက ပြောပါတယ်။
“အရင်ကငွေသွင်းရင် လက်ခံရရှိကြောင်း ပြေစာပြန်ပေးတယ်။ အခုမပေးတော့ဘူး၊ ထောင်၀န်ထမ်းတွေကသူတို့ယူထားပြီးစားချင်တာ၀ယ်ပေးမယ်ပြောတယ်။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို တစ်ထောင်၊ အကုန် စျေး ၂ ဆတင်ပြီးရောင်းတာ၊ တစ်သိန်းသွင်းရင် ၄ သောင်းလောက်ပဲရောက်တယ်လို့လဲကြားနေတယ်။ ကျန်းမာရေးကောင်းရဲ့လား ထိခိုက်ဒဏ်ရာရရင်ဆေးကုခွင့်ရရဲ့လားလည်းမသိရဘူး။ အရင်ကဆိုထောင်၀င်စာပို့ရင်တွေ့ခွင့်ရသေးတယ်။ပုသိမ်မြို့နယ်တရားရုံးမှာ ရုံးထုတ်လာတဲ့လူတွေနဲ့ အစားအသောက်လေးတွေထည့်ပေးလိုက်တော့လဲ ထောင်ဗူး၀မှာအသိမ်းခံလိုက်ရတယ်”လို့ နိုင်ငံရေးအကျဥ်သားတစ်ဦးရဲ့မိသားစု၀င် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်ထောင်မှာရှိတဲ့ နိင်ငံရေးအကျဥ်းသားများကို ပုသိမ်ထောင် အကြမ်းဖက်ခံရမှုဖြစ်စဥ် မဖြစ်ခင်အထိ မနက်ထောင်ဖွင့်ချိန်ကနေ ညနေပိတ်ချိန်အထိ လမ်းလျောက်ခွင့်၊ စာကြည့်တိုက်မှာစာဖတ်ခွင့်၊ အားကစားလုပ်ခွင့်တွေပေးထားခဲ့ပါတယ်။
လက်ရှိမှာတော့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို နံနက်ပိုင်း ၃၀ မိနစ်နဲ့ ညနေပိုင်း ရေချိုးချိန် ၃၀ မိနစ်သာ တန်းဖွင့်ပေးတယ်လို့ ပုသိမ်အကျဥ်းထောင် ဝန်ထမ်းတစ်ဦးက လက်ရှိထောင်အခြေအနေကို ပြောပါတယ်။
“ဘယ်လိုအကြောင်းနဲ့ပဲထောင်ကျနေနေ အကျဥ်းသားတွေမှသူတို့ရထိုက်တဲ့အခွင့်အရေးဆိုတာရှိတယ်၊ ခုကနိင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ် ချက်ရှိရှိဖိနိပ်တာနေတာက အခွင့်အရေးကို ဥပဒေမဲ့ချိုးဖောက်နေတာ၊ နိုင်ငံတကာအဖွဲ့စည်းတွေအနေနဲ့အကျဥ်းထောင်တွေကို ၀င်ရောက်လေ့လာပြီး ဖော် ထုတ်သင့်တယ်”လို့ပုသိမ်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ပုသိမ်ထောင်သို့ ထောင်၀င်စာပေးပို့မှု မပိတ်သိမ်းခင်အ ချိန်က အမိန့်မချရသေးတဲ့ နိုင်ငံရေးအချုပ်ထောင်သမားများအတွက် အင်္ဂါ၊ ကြာသပတေး၊ စနေ (၃)ရက် သတ်မှတ်ထားပြီး၊ အမိန့်ချပြီးသား နိုင်ငံရေးအကျဥ်းသားများအတွက် ဗုဒ္ဓဟူး၊ သောကြာ (၂) ရက်သတ်မှတ်ထားကာ တစ်ဦးကို ဟင်း ၃ ဘူးနဲ့ မိသားစုနဲ့စကားပြောခွင့်ရတယ်လို့ မိ သားစု၀င်တွေကပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၈ ဦးကို ထောင်ဝန်ထမ်းများက သေလုမျောပါးဖြစ်တဲ့အထိရိုက်နှက်တိုက်ပိတ်ထားခဲ့ပြီး၊ ၆ ရက်နေ့မှာတော့ တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဥ်းတွေကို ပြန်ထုတ်ပေးဖို့တောင်းဆိုတဲ့ နိုင်ကျဥ်း ၇၀ ဦးခန့်ကို စစ်ကောင်စီတပ်များနှင့် ရဲများက အကြမ်းဖက် ရိုက်နှက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်များနှင့် ရဲများ၏ အကြမ်းဖက်မှုတွေကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ) ရာစု ကျဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း အကျဥ်းထောင် ဥပဒေ (၄၂)ဖြစ်တဲ့ တားမြစ်ပိတ်ပင် ထားသောပစ္စည်းများအား အကျဉ်းထောင်အတွင်းသို့ ထုတ်သွင်းခြင်း ဆက်သွယ်ခြင်းများအား တရားစွဲဆို ဖမ်းဆီးခွင့်အာဏာနဲ့ စစ်ဆေးအရေးယူမှုများ ပြုလုပ်ကာ ထောင်ဒဏ် ၆ လစီထပ်မံချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်နှင့် အကျဥ်းသူ ၇၀ ဦးခန့်ရှိနေပြီလို့ အကျဥ်းထောင်အသိုင်းဝိုင်းက သိရပါတယ်။
အဆိုပါ နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးကနေထောင်ဒဏ်ချမှတ်ခြင်းကိုခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၀၀ နီးပါးရှိပြီဖြစ်ပါတယ်။
#ပုသိမ်အကျဥ်းထောင် #ထောင်ဝင်စာပိတ်ခွင့် #နိုင်ငံရေးအကျဥ်းသားများ #ဖိနှိပ်ခံနေရ #Ayeyarwaddy_Times