ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဧပြီလ ၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ရိက္ခာပို့ရန်ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းသည် ဖလမ်း-ဟားခါးကြားတွင် ချင်းကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ယနေ့ချိန်အထိ ဟားခါးမြို့ကို မရောက်နိုင်သေးကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီယာဥ်တန်းကို ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုများပြားနိုင်ကြောင်းသိရပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“မနေ့ညကဆိုရင် ဖလမ်းနဲ့ ဟားခါးကြားမှာ M-35တို့နဲ့ လာပစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကတော့ ဘာမှထိခိုက်မှုမရှိပါဘူး။ ကိုယ့်မိုင်းထိပြီးတော့ ဒဏ်ရာအနည်းငယ်ရတာတွေတော့ ရှိပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကတော့ အထိနာတာတွေရှိပါတယ်”ဟု ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်း-ဟားခါးအကြားရှိ တလန်ဇာရ်ရွာက လူနေအိမ် ၆ လုံးကိုလည်း ဧပြီလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့​ပြီး အဆိုပါစစ်ကောင်စီယာဥ်တန်းကို ချင်းကာကွယ်ရေးတပ်ဖြစ်သော ဟားခါး၊ ဖလမ်း၊ ထန်တလန်နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် ယာဥ် ၃ စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်က အသင့်ခေါ်ဆောင်လာသော ယာဥ်ပြင်ဆရာက ပြန်လည်ပြုပြင်ကာ ဟားခါးမြို့ဘက်သို့ ဆက်လက်ခရီးနှင်လာခဲ့ကြကြောင်းချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)တာဝန်ခံက ပြောဆိုသည်။

“စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်ပဲဖြစ်ဖြစ် ခုခံတဲ့အခါမှာ အရင်ကနေမတူတော့ဘူး။ယခင်တုန်းကတော့ တစ်ပတ်၊ နှစ်ပတ်ပဲကြာတယ်။ အခုယာဥ်တန်းကတော့ တော်တော်ကြန့်ကြာတဲ့ အနေအထားမှာရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ သံချပ်ကာ နှစ် စီး၊ JCB တစ် စီးနှင့် စစ်ကောင်စီယာဥ် ၂၅ စီးထွက်ခွာလာခြင်းဖြစ်ပြီး လက်ရှိတွင် ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာနှင့် တလန်ဇာရ်ကြားတွင် ရောက်ရှိကာ ချင်းကာကွယ်ရေးတပ်များနှင့်ဆက်လက်တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားသည်။
#ချင်းပြည်နယ် #ဖလမ်း #ဟားခါး #စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံနေရ #သေဆုံးမှုများပြား
#Ayeyarwaddy_Times