ဧရာ၀တီတိုင်းမ်
ဧပြီလ ၅ ရက်

အာဏာသိမ်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် မြန်မာနိုင်ငံအနှံ့အပြားရှိ ဒေသများသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုးစစ်ဆင်ရန် ညွှန်ကြားခိုင်းစေမှုများအပေါ် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များက စိတ်ပျက်နေကြကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ညွန်ကြားချက်အရ စစ်ကောင်စီတပ်များမှာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ စစ်မျက်နှာများဖွင့်လှစ်၍ ကြည်းကြောင်းနှင့် လေကြောင်းမှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေရသည့်အပေါ် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များနှင့် စစ်တိုင်းမှူးများက စိတ်ပျက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“ကာချုပ်ရဲ့လုပ်ရပ်ကို ကစထမှူး၊ စစ်တိုင်းမှူးတွေကအစ စိတ်ပျက်နေကြတယ်။ အဓိကတော့ တစ်နေရာထဲကို သေချာမတိုက်ဘဲ နေရာပေါင်းစုံ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်နေတော့ ဟိုနေရာလည်း မထိမ်းနိုင်၊ ဒီနေရာလည်း မထိမ်းနိုင်၊ အင်အားကလည်း မလုံလောက်၊ အဲတော့ ကာချုပ် အမိန့်ကို အကောင်အထည် ဖော်ရတဲ့သူတွေက စိတ်ပျက်နေကြတာ။ ”ဟု နေပြည်တော်ရှိ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များနှင့် နီးစပ်သူ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို မထိမ်းချုပ်နိုင်သည့် အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ၂၀၂၂ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခဲ့သည်။

၂၀၂၃ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုက်ပွဲများ၌ ကွပ်ကဲအုပ်ချုပ်မှု ညံ့ဖျင်းသည်ဟုဆိုကာ အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ခင်လှိုင်တို့ကို ရာထူးမှ အနားပေးခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့ ၂ ဦးနေရာတွင် လူသစ်များအစားထိုးပြီး ထိုးစစ်ဆင်မှုများ ဆက်လက်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များမှာ မြေပြင်မှ ထိုးစစ်ဆင်မှုများအပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ရှမ်းပြည်နယ်(တောင်းပိုင်း)နှင့် ကရင်နီဒေသများသို့ ထိုးစစ်ဆင်မှုများပြုလုပ် နေသော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် နယ်မြေစိုးမိုးမှုမရဘဲ ထိခိုက်ကျဆုံးမှုများစွာ ကြုံတွေ့နေကြောင်း သိရသည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ကစထမှူး #စစ်တိုင်းမှူး #စိတ်ပျက် #Ayeyarwaddy_Times