ဧရာ၀တီတိုင်းမ်
ဧပြီလ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေဟာ ယခု ဧပြီ လဆန်းပိုင်းကတည်းက သင်္ကြန်အတွက် မြို့နယ်အုပ်ချုပ်ရေးကို အကြောင်းပြပြီး ရပ်ကွက်အတွင်းက နေအိမ်တွေဆီမှာ အလှူလိုက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ပထမ ရာအိမ်မှူးက သင်္ကြန်အတွက်ဆိုပြီး လာပြီးအလှူခံတာ မထည့်လိုက်ဘူး။ နောက်တော့ အုပ်ချုပ်ရေးမှူးနဲ့ နယ်ထိန်းတွေပါလာပြီး ပြဿနာရှိရင်ကူညီပေးမယ်။ မြို့နယ်က ကျွန်တော်တို့ကို သတ်မှတ်ထားလို့ပါလို့ ပြောတာနဲ့ သုံးသောင်း ထည့်လိုက်ရတယ်။ အခု အသစ်ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ပြဿနာ မတက်ချင်တာ လဲပါတာပေါ့” လို့ ပုသိမ်မြို့က ဈေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်း ကိုပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ အဖွဲ့တွေဟာသင်္ကြန်အတွက်ဆိုပြီး ရပ်ကွက်တွင်းမှာရှိတဲ့ နှစ်လုံး၊ သုံးလုံး ရောင်းချတဲ့နေအိမ်များ၊ လောင်းကစားဝိုင်းပြုလုပ်ထားတဲ့နေအိမ်များ၊ အရက်ဆိုင်နဲ့ မူးယစ်ဆေးဝါးရောင်းချတဲ့သူများကို အဓိကထား အလှူခံနေတာဖြစ်ပြီး ငွေကြေးပြေလည်တဲ့ ဆိုင်ပိုင်ရှင်နဲ့ နေအိမ်များထံမှလည်း လိုက်လံပြီး အလှူခံတယ်လို့ သိရပါတယ်။
“မြို့နယ်စီမံအုပ်ချုပ်ရေးက အုပ်ချုပ်ရေးမှူး တစ်ယောက်ကို သင်္ကြန်အတွက်၁၀သိန်း ရှာပေးရမယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့နယ်မြေမှူး (ရာအိမ်မှူး) တွေကို တစ်ယောက်ကိုတစ်သိန်း ရအောင်အလှူခံပေးပါဆိုလို့ လိုက်ခံနေရတာ။ တချို့ကြတော့လည်း ထည့်လိုက်တယ်။ တစ်ချို့ကြတော့အုပ်ချုပ်ရေးမှူး မျက်နှာမြင်မှ ထည့်တာ ကိုယ်နဲ့မကင်းတဲ့သူတွေလောက်ပဲအလှူခံနေတာပါ” လို့ မြို့ပေါ်ရပ်ကွက် တစ်ခုက ရာအိမ်မှူးတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့ဟာ တိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တာကြောင့် ဌာနဆိုင်ရာအားလုံး သင်္ကြန်မဏ္ဍပ်တစ်ခုစီမဖြစ်မနေ ဆောက်ခိုင်းထားပြီး ရပ်ကွက်တိုင်းကိုတော့ ယိမ်းအဖွဲ့တစ်ခုစီ မဖြစ်မနေထွက်ခိုင်းထားတယ်လို့ စစ်ကောင်စီ တပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။
စစ်ကောင်စီက တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ သင်္ကြန်ကို စည်ကားအောင် ကျင်းပရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာအများစုဟာ ဒေသခံ လုပ်ငန်းရှင် တွေကို အလှူငွေလိုက်ကောက်နေပြီး စည်ပင်ကတော့ လမ်းဘေးဈေးဆိုင်တွေဆီက ၂၀၀၀(နှစ်ထောင်)ကောက်ပြီး ဈေးဆိုင်ကြီးတွေကို ၃၀၀၀၀(သုံးသောင်း) အထိကောက်ခံ တာမျိုး ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
#ဧရာ၀တီတိုင်း #ပုသိမ်မြို့ #သင်္ကြန် #အုပ်ချုပ်ရေးမှူး #အလှူခံ #Ayeyarwaddy_Times