ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ဧပြီလ ၄ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးဟာ စစ်ကောင်စီကလုပ်တဲ့ လပတ်အစည်းအဝေးကအပြန်မှာ ဆိုင်ကယ်မှောက်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျိုက်လတ် – စိန်ဟိုင်းလမ်းမပေါ်မှာ နေ့လည် ၂ နာရီလောက် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးစီးနင်းလာတဲ့ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်မျက်နှာခြင်းဆိုင် တိုက်မိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

” တဘိုးကုန်းနဲ့ ကျုံသိဝကျေးရွာကြားမှာဖြစ်တာ၊ သုံးဘီးဆိုင်ကယ်ပေါ်က လူကတော့ဘာမှမဖြစ်ဘူး ဆိုင်ကယ်ပေါ်က နှစ်ယောက်က အရှိန်နဲ့လွှင့်ထွက်ပြီးသေသွားတယ်၊ လူနာတင်ကားနဲ့ ကျိုက်လတ်ဆေးရုံ ရင်ခွဲရုံကိုပို့လိုက်တယ်”လို့ မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

သေဆုံးသွားသူနှစ်ဦးမှာ ကျိုက်လတ်မြို့နယ် ပရိုက်ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟေမာန်နှင့် ငပွေးတန်းစာဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦး​ကြည်အေး​တို့ဖြစ်တယ်လို့ဆိုပါတယ်။

မြို့နယ်စစ်ကောင်စီရဲ့ လပါတ်အစည်းအဝေးကအပြန်မှာ ခုလို ဆိုင်ကယ်တိုက်သေဆုံးခြင်းဖြစ်ပြီး ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ကမှ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံထားရသူတွေလို့ ဒေသခံတွေက ပြောပါတယ်။

ဧရာ၀တီတိုင်းမှာ ၂၀၂၃ ခုနှစ်၊ မတ်လမှာ ကျေးအုပ်ချုပ်ရေးမှူးတွေကို တာ၀န်ကရုတ်သိမ်းပြီး ကြံခိုင်ရေးပါတီဝင်နဲ့ စစ်တပ်ထောက်ခံသူများနဲ့အစားထိုးပြီးနောက်ပိုင်း ယနေ့ထိ အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်လအတွင်းမှာ သေဆုံးသူ ၃ ဦးထိရှိလာပြီဖြစ်ပါတယ်။

#ကျိုက်လတ်မြို့ #ဆိုင်ကယ်တိုက်မှု #အုပ်ချုပ်ရေးမှူးနှစ်ဦးသေဆုံး #Ayeyarwaddy_Times